Monday, September 12, 2016

ဦးစီးအရာရှိ အင်္ဂလိပ်စာ စာမေးပွဲလမ်းညွှန် (2016)


ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကျင်းပတဲ့ ဦးစီးအရာရှိစာမေးပွဲ အင်္ဂလိပ်စာမေးခွန်းကို ကြည့်မယ်ဆို အပိုင်းလေးပိုင်း တွေ့ရပါမယ်။
I. Essay >> 30 marks
II. Translation >> 20 marks
III. Reading comprehension >> 30 marks
IV. Appropriate Expression >> 20 marks

စုစုပေါင်း အမှတ် (100) ဖိုးပါ။

*
*
လေ့လာသင့်တာတွေကို တစ်ခုချင်းစီပြောရမယ်ဆိုရင်--
I. Essay က စာလုံးရေ 350 ရေးရပါမယ်။ ကိုယ့်ရဲ့ ခေတ်အခြေအနေ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အကြောင်းအရာမျိုးကို ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ Challenges countries in the world are facing today ဆိုတာမျိုးတွေ မေးခဲ့ပါတယ်။ ဒီတော့ personal essays တွေထက် အချက်အလက်၊ အတွေးအမြင်ကွန့်မြူးရတဲ့ မေးခွန်းတွေကို ပြင်ဆင်ထားသင့်ပါတယ်။
*
*
II. ဘာသာပြန်ရတာတော့ နည်းနည်းခက်မယ်ထင်ပါတယ်။ စာပိုဒ်တိုလေးတစ်ပုဒ် မြန်မာလိုပေးထားတာကို အင်္ဂလိပ်လိုပြန်ရေးရတာမို့ပါ။ The Global New Light of Myanmar တို့ Myanmar Times တို့လို သတင်းစာ၊ ဂျာနယ်တွေရဲ့ ခေါင်းကြီးပိုင်းတွေ ဖတ်ပေးမယ်ဆို လိုအပ်တဲ့ အသုံးအနှုန်း၊ စကားလုံးတွေ စုထားပြီး ဖြစ်နိုင်ပါတယ်။ ပင်ကို အင်္ဂလိပ်စာကျွမ်းကျင်မယ်ဆိုရင်တော့ လက်တန်းဘာသာပြန်ရုံပေါ့ခင်ဗျာ။
*
*
III. က စာဖတ်စွမ်းရည်ကို စစ်ဆေးတာပါ။ A. B. C ဆိုပြီး No. III မှာတင် သုံးခုထပ်ခွဲပါတယ်။ တစ်ခုစီအတွက် ဆယ်မှတ်ပေးပါတယ်။
A. က TRUE or FALSE ဖြေပေးရတာပါ။
B. က ကွက်လပ်ဖြည့်ပေးရမယ်။
C. က ပြည့်စုံတဲ့ဝါကျနဲ့မေးခွန်းတွေ ဖြေပေးရပါမယ်။
ဖြေတဲ့အခါ စာပိုဒ်ကို တစ်ခေါက်ဖတ်ထားလိုက်ပါ။ True or False တို့ Blanksတို့ အတွက် မေးခွန်းကိုဖတ်ပါ။ မေးခွန်းထဲက key words ကြည့်ပြီး စာပိုဒ်ထဲမှာ အဖြေအနီးစပ်ဆုံးရှာပါ။ မေးခွန်းလှည့်ထားနိုင်တာကို သတိထားပြီး အသေချာဆုံးအဖြေကို ဆုံးဖြတ်ပါ။ short questions တွေကို ဖြေရာမှာတော့ မေးခွန်းစကားလုံးနဲ့ main verb ဆက်စပ်လိုက်ရင် မေးခွန်းရဲ့ အဓိက ဆိုလိုရင်းကို သိနိုင်ပါပြီ။ ဒီတော့ key words အရ အဖြေစာကြောင်းရှာပြီး မှန်မှန်ကန်ကန် ဖြေဆိုရပါတယ်။ Tenses တွေ၊ Sub-verb agreement တွေ သတိပြုနိုင်ရင် ကွက်တိဖြေနိုင်မှာပါ။ သေချာတဲ့ အမှတ်ဖြစ်ပါတယ်။ ရသစာတွေထက် အချက်အလက်နဲ့ဆိုင်တဲ့ စာပိုဒ်တွေဖြစ်တတ်ပါတယ်။ အင်္ဂလိပ်စာသင်ကြားရေးစာအုပ်တွေထဲက Reading ကဏ္ဍကိုလေ့ကျင့်မယ်ဆိုရင် သဘောသဘာဝကို နားလည်နိုင်ပါတယ်။ 
*
*
IV. က အသုံးအနှုန်းတွေကို မေးတာပါ။ ဆင်တူယိုးမှား စကားလုံးလေးတွေပေးပြီး ဘယ်စကားလုံးက ဖြစ်နိုင်သလဲတို့၊ noun, adj, verb ဘယ်ဟာဖြစ်သင့်သလဲ ဆုံးဖြတ်တာတို့၊ ဘယ်လို tense သုံးသင့်တာလဲ ဆုံးဖြတ်ခိုင်းတာတို့ မေးပါတယ်။ ခက်ခဲလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မှားတတ်ပါတယ်။ Grammar in Use တို့လိုမျိုး grammar စာအုပ်တွေ၊ မေးခွန်းဟောင်းတွေ ထဲက လေ့ကျင့်ထားရင် ရနိုင်ပါတယ်။
*
*
အတိုချုပ်ပြန်ပြောရရင် တကယ်ခက်ခဲနိုင်တာက I. Essay, 2. Translation လောက်ပဲရှိပါတယ်။ ကျန်တာတွေက အလွယ်တကူရနိုင်တာမျိုးပါ။ ဒီတော့ မေးခွန်းဟောင်းတွေ များများစုပြီး (ဖြစ်နိုင်ရင် ဆရာတစ်ယောက်အကူအညီနဲ့) လေ့ကျင့်တာမျိုး၊  စာမေးပွဲအတွက် ရည်ရွယ်ပြုစုထားတဲ့ မှတ်စုတွေ လေ့လာထားတာမျိုးဆို အတော်အသင့် အဆင်ပြေမှာပါ။
နောက်နှစ်များမှ ဖြေဆိုဖို့ စိတ်ကူးရှိတဲ့ မိတ်ဆွေတွေ အနေနဲ့ကတော့ လေ့လာချိန်ကောင်းကောင်းရတဲ့အတွက် ခုကတည်းက အင်္ဂလိပ်သတင်းစာဖတ်၊ အခြေခံ grammar စာအုပ်တွေ ပိုင်အောင်လေ့ကျင့်ထားပြီး မေးခွန်းပုံစံနဲ့ လေ့ကျင့်မယ်ဆို မြေကြီးလက်ခတ်မလွဲ အောင်မြင်မှုရမှာပါ။ ဖြတ်လမ်းနည်းတွေ၊ အလွယ်နည်းတွေ ရှိပေမဲ့ အများသိတဲ့အတိုင်း စစ်မှန်တဲ့ပညာကို ကျားကုတ်ကျားခဲ လေ့လာကြိုးစားမှ ရနိုင်မှာပါ။ မေးခွန်းက လက်ရွေးစင်လူတွေကို ခေါ်တဲ့မေးခွန်းမျိုးဆိုရင် ကိုယ့်အနေနဲ့ လုပ်သင့်တာ အပိုင်လုပ်ထားတာက စိတ်အချရဆုံးဖြစ်ပါလိမ့်မယ် ခင်ဗျာ။

ဆရာစည်သူထက်


EmoticonEmoticon