Tuesday, November 1, 2016

YTU ME ဝင်ခွင့် အင်္ဂလိပ်စာလမ်းညွှန်

YTU မှာ ME ဝင်ခွင့်ဖြေမယ့်သူတွေက အင်္ဂလိပ်စာကို (9.5.16-တနင်္လာ)နေ့မှာ ဖြေရမှာဖြစ်ပါတယ်။ ဒီနှစ်မေးခွန်းပုံစံက အရင်တုန်းက ပုံစံတွေနဲ့လုံးဝကွဲပြားနေတာကို သတိထားမိကြပါလိမ့်မယ်။ ဘယ်စာမေးပွဲကိုမဆို ဖုတ်ပူမီးတိုက်လုပ်ပြီး သွားဖြေတာထက် ကြိုတင်ပြင်ဆင်ထားမှသာ ပိုအဆင်ပြေတတ်တာမို့ အင်္ဂလိပ်စာအတွက် ပြင်ဆင်သင့်တာလေးတွေ အကြံပြုပါရစေ။

ဒီနှစ်အင်္ဂလိပ်စာမေးခွန်းမှာ နံပါတ် ၈ခုပါပါတယ်။

I. Reading Comprehension
II. Cloze Type
III. Tenses
IV. Synonym/Antonym
V. Affixes
VI.Word order
VII. Making meaningful sentences using the given conjunctions
VIII. Essay


နံပါတ်တစ်ခုချင်းစီ ကြည့်ရအောင်။

I. Reading comprehension အတွက် ဘယ်စာအုပ်ကိုဖတ်ထားရမယ်လို့ ပေးမထားတဲ့အတွက် unseen မေးမယ်လို့ ယူဆရပါတယ်။ reading comprehension အတွက် ပေးထားတဲ့ passage ကို ဖတ်ပြီးနားလည်ဖို့လိုသလို မေးခွန်းက ဘာကိုတောင်းဆိုသလဲဆိုတာ ကောင်းကောင်းသိဖို့ရယ်၊ လိုချင်တဲ့အချက်အလက်တွေရွေးထုတ်နိုင်ဖို့ scan လုပ်တာတို့၊ ယေဘုယျဆိုလိုရင်းနားလည်ဖို့ skim လုပ်တာတို့ လုပ်တတ်ဖို့လိုပါတယ်။ scanning / skimming တို့ဆိုတာ အရေးပါတဲ့ စာဖတ်စွမ်းရည်တွေပါ။ စာပိုဒ်ကို တစ်လုံးချင်းနားလည်အောင် မရမကဖတ်နေမယ်ဆို အချိန်မလောက်တတ်တာကို ချင့်ချိန်ဖို့လိုပါတယ်။ ဘယ်စာတွေဖတ်ပြီးလေ့ကျင့်ရမှန်းမသိရင် IELTS က Preparation and Practice တို့ Focus on IELTS တို့က စာပိုဒ်တွေကို အမေးအဖြေလုပ်ပြီး လေ့ကျင့်သင့်ပါတယ်။ unseen မေးရင်လည်း ဒီလိုလေ့ကျင့်ထားဖူးရင် အဆင်ပြေပါလိမ့်မယ်။

II. Cloze Type ကလည်း ဖတ်ရမယ့်စာမပေးထားလို့ unseen လို့ပဲယူဆရပါမယ်။ တကယ်တော့ Cloze Type ဆိုပြီး စာပိုဒ်ကျက်ဖြေနေရမယ်ဆိုရင်လည်း အဓိပ္ပာယ်မရှိပါဘူး။ unseen မေးမှသာ အဓိပ္ပာယ်ရှိပါလိမ့်မယ်။ Cloze Type ဖြေတတ်ဖို့ဆိုရင် Eight parts of speech တွေကို နားလည်ရပါမယ်။ Noun ဆိုရင် ဘယ်နေရာထားရမယ်၊ verb ကဘယ်နေရာ၊ Adj က ဘယ်နေရာထည့်ရမယ် စသည်ဖြင့် နားလည်တတ်ကျွမ်းမှ မှန်မှန်ကန်ကန်ဖြေနိုင်ပါလိမ့်မယ်။ အခြေခံ Grammar တွေ ပိုင်ပိုင်နိုင်နိုင်ဖြစ်အောင် လေ့ကျင့်ထားသင့်ပါတယ်။

III. Tenses တွေကလည်း ကြိုတင်ဖတ်ရှုလေ့ကျင့်ထားမှသာ မှန်မှန်ကန်ကန်ဖြေနိုင်ပါလိမ့်မယ်။ ဆရာဦးသာနိုးရေးတဲ့ English Grammar for All တို့ English the easy way တို့လိုစာအုပ်တွေက self-study လုပ်ချင်သူတွေ အလွယ်တကူနားလည်ဖို့ကူညီနိုင်ပါလိမ့်မယ်။ အင်္ဂလိပ်စာအုပ်ဖတ်ချင်ရင်တော့ Raymond Murphy ရဲ့ English Grammar in Use တို့ဖတ်ရင် နားလည်နိုင်ပါလိမ့်မယ်။ လေ့ကျင့်ခန်းလေးတွေရှာဖွေပြီး လေ့ကျင့်မှလည်း မေးခွန်းဖြေတဲ့အခါ မှန်ကန်မှာပါ။

IV. Synonym ဆိုတာ အဓိပ္ပာယ်ဆင်တူ စကားလုံးတွေပါ။Antonym ဆိုတာက အဓိပ္ပာယ်ဆန့်ကျင်ဘက်စကားတွေပါ။ ဒါတွေကို ဖြေနိုင်ဖို့ဆို စာလုံးတွေ ယှဉ်တွဲကျက်ထားဖို့လိုပါတယ်။ Usage စာအုပ်တွေမှာပါပါတယ်။ စာအုပ်ရှာရတာ ခက်ရင် Google မှာ Common synonyms / Common Antonyms ဆိုပြီး ရိုက်ရှာ၊ ဖတ်မှတ်နိုင်ပါတယ်။

V. Affixes ဆိုတာက စကားလုံးတွေကို ဆက်တဲ့ -mis တို့ -ment တို့လိုစာလုံးတွေပါ။ စကားလုံးရဲ့ရှေ့မှာဆက်ရင် prefix လို့ခေါ်ပြီး နောက်မှာဆက်ရင် suffix လို့ခေါ်ပါတယ်။ ဥပမာ able ကို prefix ဖြစ်တဲ့ un ဆက်မယ်ဆို) unable လို့ဖြစ်မယ်။ enjoy ကို suffix ဖြစ်တဲ့ -able ဆက်မယ်ဆို enjoyable ဖြစ်ပါလိမ့်မယ်။ prefix ရော suffix ရော နှစ်မျိုးလုံးကို affix လို့ခေါ်ပါတယ်။ ဒါတွေနဲ့ဆိုင်တာကို No. V မှာ မေးမှာပါ။ စာအုပ်တွေ အများကြီးရှိပါတယ်။ Google ကို အားကိုးလည်း နမူနာတွေရနိုင်ပါတယ်။

VI. Word order ကတော့ ရောသမမွှေထားတဲ့ စကားလုံးတွေကို ဝါကျမှန်မှန်ကန်ကန်တစ်ကြောင်းဖြစ်အောင် တည်ဆောက်ရပါလိမ့်မယ်။ အစ စာလုံးပေးထားပါလိမ့်မယ်။ ဒါတွေကို စဉ်တဲ့အခါ S + V + O ဆိုတဲ့ ယေဘုယျ ပုံစံကို အဓိက စဉ်းစားပါ။ Sub ကို အထူးပြုမယ့် Adj လုံးချင်းလား၊ adj အစုလား စဉ်းစားပြီးတွဲပေး။ ဝါကျနှစ်ကြောင်းဖြစ်နေမယ် အကြောင်းအရာနှစ်မျိုးဖြစ်နေမယ်ဆို စကားစပ်ထည့်ပေး။ စသည်ဖြင့် စဉ်းစားပြီးလုပ်ပေးရင် အဆင်ပြေပါလိမ့်မယ်။ ဝါကျတွေကို မနိုင်မနင်းအရှည်ကြီး မမေးလောက်ဘူးလို့ မျှော်လင့်ပါတယ်။

VII. ဒါကတော့ ပေးထားတဲ့ conjunction တွေသုံးပြီး ဝါကျဖွဲ့ခိုင်းထားတာပါ။ ဆိုပါစို့ ပေးထားတာက -
(1) but (2) because
ဒါကို အဓိပ္ပာယ်ရှိရှိမှန်မှန်ကန်ကန်ရေးပေးမယ်ဆို
(1) I can speak English well, but I can't write it correctly.
(2) I was absent yesterday because I was ill.
ဘယ်ဝါကျရေးပေးရမယ်လို့ ပုံသေမရှိပါဘူး။ မှန်ဖို့ပဲလိုပါတယ်။

VII. Essay ကတော့ အထူးပြောဖို့လိုမယ်မထင်ပါဘူး။ ရေးတဲ့အခါ အမြဲမှန်ကန်တဲ့အကြောင်းအရာရေးတဲ့အခါ အဓိကအနေနဲ့ Present Tense၊ ပြီးခဲ့တဲ့အကြောင်းပြန်ရေးမယ်ဆို Past tense၊ အနာဂတ်အကြောင်းရေးမယ်ဆို Future tense စသည်ဖြင့် ဆုံးဖြတ်ပါ။ ကျစ်ကျစ်လျစ်လျစ် စလယ်ဆုံးညီညွတ်အောင်ရေးပါ။ အချက်အလက်ခိုင်မာပါစေ။ ဒါဆိုရင် အမှတ်ကောင်းကောင်း ရပါလိမ့်မယ်။

မေးခွန်းပုံစံက ဒါတွေကို နားလည်တတ်ကျွမ်းမှုတွေ စစ်ပါတယ်။

* Reading (No. I)
* Writing (No. VIII)
* Parts of speech (No. II & VII)
* Tenses ( No. III)
* Vocabulary (No. IV & V)
* Sentence structure ( No. VI)

ခြုံငုံပြောရရင် အခုမေးခွန်းပုံစံပြောင်းလိုက်တာ ကြိုက်ပါတယ်။ သမားရိုးကျမဲပြာပုဆိုးပုံစံကနေ ကွဲထွက်လာပါတယ်။ (Sample Question ဆိုပြီး တစ်စုံနမူနာထုတ်ပေးနိုင်ရင် ပိုတောင်အဆင်ပြေမယ်တွေးမိပါတယ်) အင်္ဂလိပ်စာ တကယ်တတ်ကျွမ်းမယ်ဆို ဘာစာမှမကြည့်ဘဲဖြေလို့ရပေမဲ့ ယောင်ဝါးဝါး ဟိုကြည့်ဒီကြည့်လုပ်သွားတဲ့သူဖြေနိုင်ဖို့မလွယ်ပါဘူး။ ရည်မှန်းချက်ရှိတဲ့သူတွေအဖို့ တကယ်တတ်ကျွမ်းတဲ့ ဆရာ၊ ဆရာမတစ်ယောက်ယောက်နဲ့ လေ့ကျင့်သင်ကြားသွားတာပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာ လေ့လာသွားတာပဲဖြစ်ဖြစ် လုပ်ပြီးမှဖြေစေချင်ပါတယ်။

ဖြည့်စွက်ပြောချင်တာရှိရင် ဒါမှမဟုတ် ထပ်ပြီးတော့ သိချင်တာရှိရင် comment ပေးခဲ့ပါခင်ဗျာ။


EmoticonEmoticon