Friday, November 27, 2015

အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝအောင် ဘယ်လိုလုပ်ကြမလဲ

ဘာလို့ဝေါဟာရ ကြွယ်ဝဖို့လိုတာလဲ?

အင်္ဂလိပ်စာကို နားလည်တတ်ကျွမ်းဖို့၊ အသုံးချတတ်ဖို့ဆိုရင် အင်္ဂလိပ်စာလုံးများများတတ်မှဖြစ်မယ်ဆိုတာ အားလုံးသိကြပါတယ်။ များများသိလေလေ ရေးဖတ်ပြောနားထောင် အားလုံးမှာ အဆင်ပြေလေလေပါပဲ။ အင်္ဂလိပ်စာနဲ့ဆိုင်တာအားလုံးမှာ အဆင်ပြေချောမွေ့ဖို့ ဝေါဟာရကြွယ်ဖို့လိုပါတယ်။

 ဝေါဟာရတိုးတက်အောင် ဘယ်လိုလုပ်ရမလဲ?

တစ်နည်းကတော့ ကျက်မှတ်တဲ့နည်းပါ။ တစ်နေ့ကို စာလုံးအရေအတွက်သတ်မှတ်ပြီး ကျက်မှတ်ပေါ့။ ဥပမာ စာလုံး တစ်နေ့ငါးလုံးကျက်မှတ်တာမျိုးက ရလာဒ်ကို ထင်ထင်ရှားရှားသိစေပါတယ်။ အသုံးများတဲ့ ဝေါဟာရ နှစ်ထောင်/သုံးထောင်စတာကို စာရင်းချပြီး ကျက်မှတ်တာ လုပ်နိုင်ပါတယ်။ စာအုပ်ကုန်သွားရင် ကိုယ့်အဖို့ စာလုံးသုံးထောင် တတ်ပြီပေါ့။ အမျိုးအစားတူရာအလိုက်စုထားတဲ့ ဝေါဟာရစာအုပ်လေးတွေလည်း ကျက်နိုင်ရင်ကောင်းပါတယ်။ စာအုပ်ညွှန်ပေးရမယ်ဆိုရင်တော့ ဆရာဦးသိန်းလွင်ရဲ့ ဝေါဟာရ ပဒေသာ စာအုပ်လေး ကောင်းပါတယ်။ နောက်ပြီး အင်္ဂလိပ်စာအုပ်တွေ လေ့လာနိုင်မယ်ဆိုရင်တော့ Cambridge ကထုတ်တဲ့ Vocabulary in Use နဲ့ Oxford ကထုတ်တဲ့ Word Skills စာအုပ်တွေရှိပါတယ်။

ကျက်လို့ပြောပေမယ့် ကျက်ရတာပျင်းတယ်။ ကျက်ပြီးရင်လည်း မေ့သွားရော။ အဲဒီတော့ ပင်ပန်းတာပဲရှိတယ်။ ဘယ်လိုလုပ်ရမလဲ?

ဒါက ထုံးစံပါပဲ။ မကျက်ချင်ရင် နောက်တစ်နည်းက အင်္ဂလိပ်စာနဲ့များများထိတွေ့ပေးဖို့ပါ။ အင်္ဂလိပ်စာ များများဖတ်၊ များများနားထောင်ပြီး တွေ့သမျှ စာလုံးအသစ်တွေ မှတ်သားပေးမယ်ဆိုရင်လည်း အထိအတွေ့များတာနဲ့အမျှ မှတ်မိတဲ့စာလုံးလည်း တိုးလာပါတယ်။

ကိုယ်ကိုတိုင် ဘယ်လိုလုပ်ခဲ့သလဲ?

ဘယ်လိုလုပ်ခဲ့သလဲမပြောခင် ဘယ်အဆင့်ကစသလဲ အရင်ပြောပါရစေ။ အင်္ဂလိပ်စာအုပ်ဆိုလို့ အထူးထုတ်လောက်ပဲမြင်ဖူးတဲ့ တောသားလေးတစ်ယောက် အင်္ဂလိပ်စာမေဂျာယူတဲ့အချိန်မှာ ဘာတစ်ခုမှမသိတဲ့ ဘဝစခဲ့ပါတယ်။ အင်္ဂလိပ်စာမဂ္ဂဇင်းလေးတွေကို ပထမဆုံးစဝယ်ပြီးလေ့လာပါတယ်။ ဖတ်တာဖတ်တယ် ကလေးတွေအတွက်ရေးတဲ့ပုံပြင်ကလွဲပြီး ကျန်တာမဖတ်တတ်ခဲ့ပါဘူး။ အတိုဆုံးဝတ္ထုတိုလေးတွေ စဖတ်ချိန်မှာလည်း မှတ်ထားတဲ့စာလုံးတွေများလွန်းလို့ မူရင်းစာတောင် ပျောက်ပါတယ်။ ဒါပေမဲ့ စာဖတ်ချိန်မှာ မသိတဲ့စာလုံးကို English-English Dictionary မှာရှာပါတယ်။ ကိုယ်ဖတ်တဲ့စာအုပ်ထဲက စာလုံးဘေးမှာ ကူးရေးပါတယ်။ သုံးခေါက်လောက်ဖတ်ပြီး Dictionary ထဲမှာလည်း စာလုံးဘေးမှာ ခြစ်ထားလိုက်တယ်။ နောက်ထပ်စာတွေဖတ်ရင်း အဘိဓာန်ရှာတဲ့အခါ အရင်ခြစ်ထားတဲ့ စာလုံးလေးတွေတွေ့ရင် ပြန်ဖတ်ပါတယ်။ ကိုယ်ဖတ်ထား၊ ရှာထားတဲ့အထဲက ကောင်းမယ်ထင်တဲ့စာလုံး ခုနစ်လုံးလောက်ကို ဗလာစာအုပ်ထဲကူးထည့်ပြီး ကျက်ပါတယ်။ စာများများတော့ဖတ်ပါတယ်။ ဒီလိုလုပ်လာရင်း ကိုယ့်ကိုကိုယ် စကားလုံးဘယ်လောက်တိုးလာလဲတော့ မသိဘူး။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ ဟိုးအရင်က ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေပြန်ကြည့်တဲ့အခါ မှတ်ထားတာလေးတွေ ပြန်တွေ့တယ်။ ခုတော့ အဲဒီစကားလုံးတွေအားလုံး ကိုယ်ကောင်းကောင်းသိတာဖြစ်နေပါပြီ။ ခုချိန်မှာတော့ ဒီလောက်မလုပ်ဖြစ်တော့ပါဘူး။ ဒါပေမဲ့ စာဖတ်တဲ့အချိန်မှာ စကားလုံးတွေရှာပြီး စာလုံးရဲ့ဘေးမှာ ရေးမှတ်တာတော့ လုပ်ဖြစ်ပါတယ်။ မေ့သွားမှာမပူပါဘူး။ မေ့ပါစေ။ အသုံးများတဲ့စာလုံးတွေ ခဏခဏပြန်တွေ့ရတတ်ပါတယ်။ တွေ့တိုင်းပြန်ပြန်မှတ်လာရင် နောက်ဆုံးဒီစကားလုံးကိုယ်တတ်တာပါပဲ။

စကားလုံးများများသိတာနဲ့ ပိုင်ပိုင်နိုင်နိုင်တတ်တာ ဘယ်ဟာပိုကောင်းလဲ?

နှစ်မျိုးလုံးလိုတယ်လို့ ပြောပါရစေ။ စာဖတ်ဖို့ နားထောင်ဖို့ကျတော့ များများသိလေ ကောင်းလေပါ။ ဒါပေမဲ့ ရေးမယ် ပြောမယ်ဆို ပိုင်ပိုင်နိုင်နိုင်သိမှပိုအဆင်ပြေတယ်။ ဒါကြောင့် စာလုံးလေးတွေကျက်မယ်ဆို ဥပမာဝါကျနဲ့တွဲကျက်ပါ။

ခုနည်းပေးလမ်းညွှန်လုပ်နေတဲ့သူက ဘယ်လောက်ထိတတ်နေလို့လဲ။ ဘာလို့လမ်းညွှန်ပေးနေတာလဲ?

တကယ်တော့ ကျွန်တော်က လေ့လာနည်းလမ်းညွှန်ပေးနေပေမဲ့ ကိုယ့်ကိုကိုယ် အင်္ဂလိပ်စာတတ်တယ်လို့ကို မခံယူဝံ့ပါဘူး။ အင်္ဂလိပ်စာတတ်မြောက်ကျွမ်းကျင်နေတဲ့ ဆရာ/မ တွေရဲ့ မျက်စိစပါးမွှေးစူးမှာကိုလည်း ကြောက်ပါတယ်။ ဒါပေမဲ့ ကိုယ်က အင်္ဂလိပ်စာ အနှုတ်ဘဝက စခဲ့ရပြီး သုညအဆင့်လောက်ထိ တက်လာနိုင်တဲ့အခါ ကိုယ့်အားထုတ်ခဲ့မှုနဲ့ယှဉ်တဲ့ အတွေ့အကြုံတွေ အထိုက်အလျောက်ရခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေက ကိုယ့်လိုစတင်ခဲ့ရတဲ့သူတွေ၊ ကိုယ့်ထက်ကံကောင်းတဲ့သူတွေအတွက် အထိုက်အလျောက်အကူအညီဖြစ်စေချင်တဲ့ စေတနာသက်သက်ပါ။ မရောက်ဖူးသေးတဲ့ခရီးတစ်ခုသွားသလိုပါပဲ။ ခက်ခက်ခဲခဲ လမ်းဖောက်သွားဖူးတဲ့သူက လမ်းခရီးကို မှတ်မိပါတယ်။ ကိုယ်ရောက်ဖူးတဲ့လမ်းကြောင်းကို သူများအတွက်လည်း လမ်းပြပေးတဲ့သဘောပါ။ ဒီအပေါ်အခြေခံပြီး ပိုပြီးနီးတဲ့လမ်းကြောင်းကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်သလို ပြထားတဲ့လမ်းကြောင်းက အနီးဆုံးဆိုရင် အဆင်သင့်လျှောက်လှမ်းနိုင်သလိုပါပဲ။ စမ်းတဝါးဝါးလုပ်တာထက်စာရင် အကျိုးမမဲ့ဘူးလို့ယုံကြည်ပါတယ်။
အားလုံးအဆင်ပြေပါစေ

ဆရာစည်သူထက်

This Is The Oldest Page


EmoticonEmoticon