Tuesday, November 1, 2016

ဦးစီးအရာရှိ အင်္ဂလိပ်စာ စာမေးပွဲလမ်းညွှန် (2017)


၂၀၁၆ မေးသွားတဲ့ မေးခွန်းပုံစံက ၂၀၁၅ မေးခွန်းပုံစံနဲ့ အစီအစဉ်ကွာသွားပါတယ်။ (ခုဖြေကြရမယ့်သူတွေက ၂၀၁၆ ပုံစံဖြစ်နိုင်ပါတယ်။ အပြောင်းအလဲလည်း ရှိကောင်းရှိနိုင်ပါတယ်)

ပြီးခဲ့တဲ့မေးခွန်းကိုလေ့လာကြည့်ရင် -
I. စာဖတ်ပြီး နားလည်နိုင်စွမ်းစစ်တဲ့မေးခွန်း (၁၀ မှတ်)
II.(A) အမှားလေးနည်းနည်းကိုပြင်ပြီး ဝါကျပြန်ရေးရတဲ့မေးခွန်း (၁၀ မှတ်)

II.(B) ရောထွေးနိုင်တဲ့ဆင်တူစာလုံးလေးတွေပေးပြီး မှန်ကန်တဲ့ စာလုံးဖြည့်ရတဲ့ မေးခွန်း (၁၀ မှတ်)
II.(C) အဓိပ္ပာယ်မပြောင်းစေဘဲ ညွှန်ကြားထားတဲ့အတိုင်းပြန်ရေးပေးရတဲ့မေးခွန်း (၁၀ မှတ်)
III. ဘာသာပြန် (၂၀ မှတ်)
IV. ထောက်ခံ/ဆန့်ကျင်ပြီး ရေးပေးရတဲ့ အက်ဆေး (၂၀ မှတ်)
V. စာလုံးရေ ၂၅၀ ရေးရတဲ့အက်ဆေး (၂၀ မှတ်) စုစုပေါင်း ၁၀၀ ဖိုးပါ။
ကျွန်တော်တို့ အသေးစိတ်ကြည့်ရအောင်။

I. က စာဖတ်စွမ်းရည်ကို စစ်ဆေးတာပါ။ မေးခွန်းတွေကို ပြည့်စုံတဲ့ဝါကျနဲ့ ဖြေပေးရပါမယ်။ဖြေတဲ့အခါ စာပိုဒ်ကို တစ်ခေါက်ဖတ်ထားလိုက်ပါ။ မေးခွန်းကိုဖတ်ပါ။ မေးခွန်းစကားလုံးနဲ့ main verb ဆက်စပ်လိုက်ရင် မေးခွန်းရဲ့ အဓိက ဆိုလိုရင်းကို သိနိုင်ပါပြီ။ မေးခွန်းထဲက key words ကြည့်ပြီး စာပိုဒ်ထဲမှာ အဖြေအနီးစပ်ဆုံးရှာပါ။ မေးခွန်းလှည့်ထားနိုင်တာကို သတိထားပြီး အသေချာဆုံးအဖြေကို ဆုံးဖြတ်ပါ။ Tenses တွေ၊ Sub-verb agreement တွေ သတိပြုနိုင်ရင် ကွက်တိဖြေနိုင်မှာပါ။ သေချာတဲ့ အမှတ်ဖြစ်ပါတယ်။ ရသစာတွေထက် အချက်အလက်နဲ့ဆိုင်တဲ့ စာပိုဒ်တွေဖြစ်တတ်ပါတယ်။ အင်္ဂလိပ်စာသင်ကြားရေးစာအုပ်တွေထဲက Reading ကဏ္ဍကိုလေ့ကျင့်မယ်ဆိုရင် သဘောသဘာဝကို နားလည်နိုင်ပါတယ်။ 

II.(A) က Article/Word form/Position စတာလေးတွေ လွဲနေတာကိုဖြည့်စွက်ပြင်ဆင်ပြီး ဝါကျပြန်ရေးရတာပါ။ အခြေခံ Grammar သိထားမယ်ဆိုရင် အဆင်ပြေမှာပါ။ ဂရုတစိုက်ဖတ်ပြီး ဖြေရပါမယ်။

II.(B) က အသုံးအနှုန်းတွေကို မေးတာပါ။ ဆင်တူယိုးမှား စကားလုံးလေးတွေပေးပြီး ဘယ်စကားလုံးက ဖြစ်နိုင်သလဲတို့၊ noun, adj, verb ဘယ်ဟာဖြစ်သင့်သလဲ ဆုံးဖြတ်တာတို့၊ ဘယ်လို tense သုံးသင့်တာလဲ ဆုံးဖြတ်ခိုင်းတာတို့ မေးတတ်ပါတယ်။ ခက်ခဲလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မှားတတ်ပါတယ်။ Grammar in Use တို့လိုမျိုး grammar စာအုပ်တွေ၊ Vocabulary စာအုပ်တွေ၊ မေးခွန်းဟောင်းတွေထဲက လေ့ကျင့်ထားရင် ရနိုင်ပါတယ်။

II.(C) - ဒါကတော့ ကိုးတန်း/ဆယ်တန်းတွေမှာမေးတဲ့ Stylistic Transformation ပုံစံပါပဲ။ စာအုပ်တွေပေါပါတယ်။ အလွယ်တကူဝယ်ယူလေ့လာနိုင်ပါတယ်။

III. ဘာသာပြန်ရတာတော့ နည်းနည်းခက်မယ်ထင်ပါတယ်။ စာပိုဒ်တိုလေးတစ်ပုဒ် မြန်မာလိုပေးထားတာကို အင်္ဂလိပ်လိုပြန်ရေးရတာမို့ပါ။ The Global New Light of Myanmar တို့ Myanmar Times တို့လို သတင်းစာ၊ ဂျာနယ်တွေရဲ့ ခေါင်းကြီးပိုင်းတွေ ဖတ်ပေးမယ်ဆို လိုအပ်တဲ့ အသုံးအနှုန်း၊ စကားလုံးတွေ စုထားပြီး ဖြစ်နိုင်ပါတယ်။ ပင်ကို အင်္ဂလိပ်စာကျွမ်းကျင်မယ်ဆိုရင်တော့ လက်တန်းဘာသာပြန်ရုံပေါ့ခင်ဗျာ။

IV. For/Against ဆိုတာက Argumentative writing အမျိုးအစားပါ။ ဒါကတော့ အဆိုတစ်ခုကို မှန်မမှန်/ထောက်ခံ မထောက်ခံ ငြင်းခုံရေးပေးရတာပါ။ ရေးရတော့မယ်ဆိုရင်-
* ပေးထားတဲ့ အဆိုကို အဓိပ္ပာယ်မပြောင်းစေဘဲ ကိုယ်ပိုင်ဝါကျသုံးပြီး နိဒါန်းပျိုးပါ။
* For အတွက် ထောက်ခံပုံလေး တစ်ပိုဒ်ရေးပါ။
* Against အတွက်လည်း အဆိုကိုဆန့်ကျင်ပြီး တစ်ပိုဒ်ရေးပါ။ ဝါကျချိတ်ဆက်တဲ့အခါ ကိုယ်အဓိကပြောချင်တဲ့အချက်ကိုပေါ်လွင်အောင် ပါးပါးနပ်နပ် ရေးပါ။
* နိဂုံးချုပ်တဲ့အခါ ကိုယ်ယုံကြည်တဲ့အချက်ကို ထပ်ဖော်ပြပြီး ချုပ်ပါ။
* ဝါကျ/သဒ္ဒါ/စာလုံးပေါင်း သတိထားပါ။


V. Essay က စာလုံးရေ 250 ရေးရပါမယ်။ ကိုယ့်ရဲ့ ခေတ်အခြေအနေ၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ အကြောင်းအရာမျိုးကို ပြင်ဆင်ထားသင့်ပါတယ်။ ဥပမာ Challenges countries in the world are facing today/ Fast food and soft drinks are killing people ဆိုတာမျိုးတွေ မေးခဲ့ပါတယ်။ ဒီတော့ personal essays တွေထက် အချက်အလက်၊ အတွေးအမြင်ကွန့်မြူးရတဲ့ မေးခွန်းတွေကို ပြင်ဆင်ထားသင့်ပါတယ်။
သိချင်တာ၊ ပြောချင်တာ ရှိရင် comment ပေးခဲ့လို့ရပါတယ်ခင်ဗျာ။

ဆရာစည်သူထက်

****

(ကျွန်တော်တော့ ဝင်ခွင့်တွေဖြေရသမျှ အင်္ဂလိပ်စာလမ်းညွှန်ပေးနေတော့
Jack of all trades and master of none. ဖြစ်ပြီထင်တယ်။ ဟိုစပ်စပ်ဒီစပ်စပ် တကယ်တော့ ဘာမှ မတတ်ဆိုတဲ့သူ တကယ်တော့ ကျွန်တော့်မှာ အင်္ဂလိပ်စာလမ်းညွှန်ရေးပေးတဲ့အခါ ဟိုကခေါ်တဲ့စာမေးပွဲ၊ ဒီကခေါ်တဲ့စာမေးပွဲရယ်လို့ အစွဲမရှိပါဘူး။ အင်္ဂလိပ်စာနဲ့ဆိုင်တာချည်းပဲမို့ ကိုယ်ကျွမ်းကျင်ရာနယ်ပယ်က အကူအညီပေးရုံပါ။ ကိုယ်က ပညာရှင်မဟုတ်ပေမဲ့ လိုအပ်တဲ့သူတွေကို အင်္ဂလိပ်စာနဲ့ပတ်သတ်သမျှ အကူအညီအတတ်နိုင်ဆုံးကူညီပေးချင်ပါတယ်။ ဆရာ/မနဲ့ သင်တဲ့သူတွေမှာ မလိုအပ်ပေမဲ့ ကိုယ့်ထူးကိုယ်ချွန်ကြိုးစားရမယ့်သူတွေအတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ တခြားသူတွေကို မျှဝေပေးဖို့လည်း တိုက်တွန်းချင်ပါတယ်။)


မေးခွန်းပုံစံ မူရင်းဓာတ်ပုံပိုင်ရှင်ကိုလည်း ကျေးဇူးတင်ပါတယ်။ အဆင့်ဆင့်ပြန်ကူးနေတော့ မူရင်းပိုင်ရှင် ဘယ်သူမှန်းမသိ ဖြစ်လို့ နာမည်ပြောပြီး ကျေးဇူးမတင်နိုင်ဖြစ်ရပါတယ်။
တခြားအင်္ဂလိပ်စာဆိုင်ရာ သင်ခန်းစာတွေကိုလေ့လာချင်ရင် Essential English-မရှိမဖြစ်အင်္ဂလိပ်စာ page www.facebook.com/EssentialEnglishService ကို ဝင်ပြီး လေ့လာနိုင်ပါတယ်။ သင်ခန်းစာအသစ်အသစ်တွေကို မျက်ခြေမပြတ်ချင်ရင် page ကို Like လုပ်ခဲ့ပါဦးနော်။

၂၀၁၅ မေးခွန်းပုံစံအတွက် လမ်းညွှန်ခဲ့တာကိုတော့ ဒီ Link မှာနှိုင်းယှဉ်ဖတ်နိုင်ပါတယ်။ https://m.facebook.com/story.php…


EmoticonEmoticon