Showing posts with label GENERAL BOOK. Show all posts
Showing posts with label GENERAL BOOK. Show all posts

Sunday, February 19, 2017

HELLO

HELLO, WELCOME FROM SI THU HTET BLOG .THAN FOR VISITING MY BLOG.

Friday, November 27, 2015

ယုံကြည်စိတ်ရဲ့ အင်အား

အကြွေးနွံနစ်ပြီး ရုန်းမထွက်နိုင်ဖြစ်နေသော စီးပွားရေး အမှုဆောင်အရာရှိတစ်ဦးရှိခဲ့သည်။ သူ့ကို အကြွေးရှင်များက ဝိုင်းလာသည်။ ကုန်ပေးသွင်းသူများက ငွေပေးချေရန် တောင်းဆိုနေသည်။ သူသည် သူ၏ ကုမ္ပဏီ ဒေဝါလီခံရမည့်ဘေးမှ တစ်စုံတစ်ခုက ကယ်တင်ပေးနိုင်မည်လား စဉ်းစားရင်း ခေါင်းကို လက်နှင့်အုပ်ကာ ပန်းခြံထဲက ခုံရှည်ပေါ်၌ ထိုင်နေသည်။

အဖိုးကြီးတစ်ယောက် ရုတ်တရက် သူ့ရှေ့ရောက်နေသည်။ "မင်းတစ်ခုခုကြောင့် ဒုက္ခရောက်နေတာကို ငါမြင်နေတယ်" ဟု သူကပြောသည်။
အမှုဆောင်အရာရှိ၏ ဒုက္ခသုက္ခများကို နားထောင်ပြီးနောက် အဘိုးအိုက ပြောသည်။ "မင်းကို ငါကူညီနိုင်မယ်လို့ ငါယုံကြည်တယ်။"

သူက အမှုဆောင်အရာရှိ၏ နာမည်ကိုမေး၊ ချက်လက်မှတ်တစ်စောင် ရေးပြီးနောက် သူ့လက်ထဲ ထိုးထည့်ပေးပြီး ပြောသည်။ "ဒီပိုက်ဆံကို ယူသွား။ ဒီနေ့ကစပြီး တစ်နှစ်အတိတိကြာတဲ့အခါမှာ ဒီနေရာမှာ ငါ့ကိုလာတွေ့လှည့်။ အဲဒီအချိန်ကျမှ ငါ့ကို ပိုက်ဆံပြန်ပေးလို့ရတယ်။"

ထို့နောက် သူကလှည့်ပြီး သူလာခဲ့စဉ်ကကဲ့သို့ပင် လျှင်မြန်စွာပျောက်ကွယ်သွားသည်။
စီးပွားရေးအမှုဆောင်အရာရှိက သူ၏လက်ထဲတွင် ထိုအချိန်က ကမ္ဘာပေါ်တွင် အချမ်းသာဆုံး လူတစ်ဦးဖြစ်သော ဂျွန်ဒီရော့ခ်ဖဲလား လက်မှတ် ရေးထိုးထားသော ဒေါ်လာငါးသိန်းတန် ချက်လက်မှတ် တစ်စောင်ကို မြင်တွေ့ရလေသည်။

"ငါ့ရဲ့ပိုက်ဆံနဲ့ပတ်သက်ပြီး ပူပန်စရာတွေကို ချက်ချင်းဖျောက်ပစ်လို့ရပြီ" ဟု သူနားလည် သဘောပေါက်လိုက်သည်။ သို့သော် ထိုသို့လုပ်မည့်အစား အမှုဆောင်အရာရှိက ငွေသားမထုတ်ရသေးသော ချက်လက်မှတ်ကို သူ၏မီးခံသေတ္တာထဲ ထည့်ထားရန်ဆုံးဖြတ်ခဲ့သည်။ မီးခံသေတ္တာထဲတွင် ချက်လက်မှတ် ရှိနေသည်ကို သိနေရုံလေးက သူ၏ စီးပွားရေးလုပ်ငန်း အဖတ်ဆယ်ရန် နည်းလမ်းရှာဖွေဖို့ ခွန်အားပေးလိမ့်မည်ဟု သူတွေးခဲ့သည်။

အသစ်တစ်ဖန် ပြန်ဖြစ်လာသော အကောင်းမြင်စိတ်များနှင့် သူက ပိုမိုကောင်းမွန်သည့် စီးပွားရေး သဘောတူညီချက်များကို ညှိနှိုင်းပြီး ငွေပေးချေရမည့် အချိန်ကာလကိုလည်း တိုးမြှင့်ခဲ့သည်။ ကြီးမားသည့် ရောင်းချရမှုအချို့ကိုလည်း အပြီးသတ်ခဲ့သည်။ လအနည်းငယ် အတွင်းတွင် သူသည် အကြွေးမှလွတ်ပြီး ငွေကြေးများ တစ်ဖန်ပြန်လည်ရရှိခဲ့သည်။

တစ်နှစ်အတိအကျ ကြာသောအခါ သူက ငွေမထုတ်ရသေးသော ချက်လက်မှတ်နှင့်အတူ ပန်းခြံသို့ ပြန်လာခဲ့သည်။ သဘောတူညီထားသည့် အချိန်သို့ ရောက်သောအခါ အဘိုးကြီးပေါ်လာသည်။ သို့သော် အမှုဆောင်အရာရှိက ချက်လက်မှတ်ပြန်ပေးပြီး သူ၏ အောင်မြင်မှုဇာတ်လမ်းကို မျှဝေရန်ပြင်ဆဲတွင် သူနာပြုတစ်ယောက်အပြေးအလွှားရောက်လာပြီး အဘိုးကြီးကို ဖမ်းဆွဲလိုက်သည်။
"ဝမ်းသာလိုက်တာ သူ့ကိုမိပြီ" ဟု သူကအော်သည်။ "သူက ရှင့်ကို အနှောက်အယှက်မပေးဘူးလို့ မျှော်လင့်ပါတယ်။ သူက အနားယူတဲ့အိမ်ကနေ အမြဲတမ်းထွက်ပြေးပြီး လူတွေကို သူက ဂျွန်ဒီရော့ခ်ဖဲလားဖြစ်တယ်လို့ လျှောက်ပြောနေတာရှင့်။"
ထို့နောက် သူက အဘိုးကြီးလက်ကို တွဲခေါ်သွားပါသည်။

အံ့သြနေသော အမှုဆောင်အရာရှိသည် နေရာတွင်ပင် ကြက်သေသေပြီး ရပ်နေသည်။ တစ်နှစ်ပတ်လုံးသူသည် သူ့တွင် ဒေါ်လာ သန်းတစ်ဝက်လောက် ရှိသည်ဟု ယုံကြည်ပြီး ရောင်းဝယ် ကြိုးစားနေခြင်းဖြစ်သည်။

ပိုက်ဆံက အစစ်ဖြစ်စေ၊ အတုပဲဖြစ်စေ သူ့ဘဝကို ပြောင်းလဲပေးလိုက်ခြင်း မဟုတ်ကြောင်း ရုတ်တရက် သူနားလည်သဘောပေါက်ခဲ့သည်။ သူကြိုးစားခဲ့သမျှ အရာတိုင်းကို ရရှိရန်စွမ်းအားပေးခဲ့သည်မှာ သူ အသစ်တစ်ဖန်တွေ့ရှိခဲ့သော ကိုယ့်ကိုကိုယ်ယုံကြည်မှုသာ ဖြစ်ပါတော့သည်။

စည်သူထက်

Ref: "Self Confidence" by "Author Unknown"
The Best English Magazine, April, 2015

အင်္ဂလိပ်စာ ဘယ်လိုလေ့လာရမလဲ?

အင်္ဂလိပ်စာလေ့လာချင်လို့ဘယ်လိုလေ့လာရမလဲဆိုပြီး နည်းစနစ်မေးကြတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဒီစာကိုတင်တာပါ။ ဆွေးနွေးကြည့်ကြပါစို့။

(၁) ဘာလို့အင်္ဂလိပ်စာတတ်ချင်တာလဲ။
အင်္ဂလိပ်စာ လေ့လာတော့မယ်ဆို အကြောင်းပြချက် ခိုင်ခိုင်မာမာရှာပါ။ ဒါနဲ့အသက်မွေးမှာလား၊ အလုပ်တို့ ကျောင်းတို့မှာလိုလို့လား။ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသတ်မှတ်လိုက်ပါ။ ဘာရယ်မဟုတ်လေ့လာနေရင် တကယ်တတ်ဖို့မလွယ်ပါဘူး။

(၂) ဘာက စလေ့လာရမလဲ။
ကိုယ့်ရဲ့အဆင့်ကို အကြမ်းဖျင်းသုံးသပ်ကြည့်ပါ။ အခြေခံရှိပြီးသားလား။ ခုမှ အကုန်ပြန်စ လေ့လာရမလား စဉ်းစားပါ။ အခြေခံရှိရင် တစ်ဆင့်မြင့်စာအုပ်တွေနဲ့စပါ။ အသစ် စရမယ်ဆိုရင် အခြေခံအဆင့် စာအုပ်တို့ အခွေတို့က စပါ။

(၃) အမြန်ဆုံးတတ်ချင်ရင် ဘယ်လိုနည်းသုံးရမလဲ။
ဖြတ်လမ်းတော့ မရှိပါဘူး။ တကယ်တတ်ကျွမ်းပြီးစေတနာရှိတဲ့ ဆရာနဲ့ အချိန်ယူသင်ချင်ရင်သင်၊ ဒါမှမဟုတ် ကိုယ်တိုင် ရေးဖတ်ပြောနားထောင် လုပ်နေမှ မြန်မှာပါ။

(၄) ဘာတွေကိုလေ့လာရမလဲ။
ဝေါဟာရ၊ သဒ္ဒါ၊ အသုံးအနှုန်း၊ အီဒီယံ၊ စကားပြောပုံတွေ လေ့လာပါ။ (လေ့လာစရာတွေက များလှချည်လားလို့ တွေးမိပြီထင်တယ်။)

(၅) ဘယ်စာအုပ်တွေ၊ အခွေတွေ၊ Software တွေ သုံးရင်ကောင်းမလဲ။
မြန်မာစာအုပ်တွေကပဲစပါ။ သဒ္ဒါအတွက် ဆရာဦးသာနိုးစာအုပ်တွေကို ထောက်ခံပါတယ်။ အခြေခံသမားတွေအတွက် အင်္ဂလိပ်သဒ္ဒါနိဒါန်းတို့၊ English Grammar For All တို့ ဖတ်ပေးပါ။ ဖတ်တဲ့အခါ ဗလာစာအုပ်ထဲကူးရေးပါ။ ပြန်ဖတ်ပါ။ မျဉ်းတားပြီး အရေးကြီးတာမှတ်ထားပါ။ လေ့ကျင့်ခန်းများများလုပ်ပါ။ ကျွန်တော့်တုန်းက English Grammar For All ကို စာရွက်အလွတ်မှာ ရေးတာမပါ၊ ဗလာစာအုပ်နဲ့ချည်း သုံးအုပ်ကုန်ခဲ့ပါတယ်။ မြန်မာစာအုပ်ကျေညက်ပြီဆိုရင Raymond Murphy ရဲ့ English Grammar in Use (အပြာရောင်) ဖတ်ပါ။ အသုံးအနှုန်းအတွက် ဦးသာနိုးရဲ့ English Elements of the Language ဖတ်ပါ။ ပိုင်ပြီဆို Michael Swan ရဲ့ Basic English Usage ဖတ်ပါ။ ဝေါဟာရအတွက် စာများများဖတ်ပြီး စာလုံးအသစ်တွေမှတ်ထားပါ။ ဒါမှမဟုတ် Cambridge ကထုတ်တဲ့ English Vocabulary in Use စာအုပ်ကိုလေ့လာပါ။ တခြားကိုက်ညီမယ်ထင်တဲ့၊ လက်လှမ်းမီတဲ့ စာအုပ်တွေဖတ်လဲရပါတယ်။ software ဆိုရင်တော့ Interchange, Face to Face, English Grammar in Use တို့က software ခွေပါ ရပါတယ်။ (များလွန်းနေပြီလား။ တကယ်တော့ အင်္ဂလိပ်စာလေ့လာတာ ရေရှည်အလုပ်ပါ။ ဇွဲရှိရှိနဲ့ ကြာကြာလုပ်ရမှာပါ။)

(၆) Listening တို့ Speaking တို့အတွက်ရော။
L.A Hill ရဲ့စာအုပ်လေးတွေ အခွေနဲ့ထုတ်တာတွေရှိပါတယ်။ တိုတော့ နားထောင်နိုင်ပါတယ်။ ဒါတွေအပြင် စာအုပ်နဲ့တွဲထုတ်တဲ့ အခွေတွေမှန်သမျှ လေ့လာနိုင်ပါတယ်။ ပထမဆုံး စာမကြည့်ဘဲနားထောင်ပါ။ နောက်တစ်ခေါက် စာကြည့်ပြီးနားထောင်ပါ။ နောက်တုံးတစ်ခေါက် စာမကြည့်ဘဲ ထပ်နားထောင်ပါဦး။ dialogues တွေကို အဖော်ရှိရင် နှစ်ယောက်ကျင့်၊ အဖော်မရှိရင် တစ်ယောက်တည်း ကျင့်ပါ။ မှန်ရှေ့ကျင့်ပါ။

(၇) နေ့စဉ်အလုပ်အနေနဲ့ ဘယ်လိုလေ့လာနိုင်မလဲ။
ကျွန်တော့်တုန်းကတော့ နေ့တိုင်းစာလုံးအသစ် ခုနစ်လုံးကျက်တယ်။ Grammar သင်ခန်းစာတစ်ခုကို ကျေကျေညက်ညက်လုပ်တယ်။ ဝတ္ထုတိုတစ်ပုဒ်ဖတ်တယ်။ Speaking သင်ခန်းစာတစ်ခုပြောတယ်။ listening ကို အဝတ်မီးပူတိုက်ရင်း နားထောင်တယ်။ (မီးပူမတိုက်တတ်တိုက်တတ်နဲ့ဆိုတော့ အကြာကြီးတိုက်ရတယ်လေ။ ဒီအချိန်မှာ နားထောင်တာ ကျင့်တာပေါ့)

(၈) ခုပြောတာတွေရှုပ်တယ်။ ကိုယ်နဲ့သိပ်မကိုက်ဘူး။ အင်္ဂလိပ်စာလေ့လာနည်းကို အရှင်းဆုံးပြောပေးပါလား။
အိုကေ…အင်္ဂလိပ်စာကို စိတ်ဝင်စားပါ။ ရူးသွပ်ပါ။ ကိုယ့်ကိုကိုယ် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားသံတွေနဲ့ ဝန်းရံလိုက်ပါ။ ဇွဲရှိပါ။ ဒါဆို အရှင်းဆုံးပါပဲ။

(၉) ဒါတွေလျှောက်ပြီး လမ်းညွှန်နေတော့ တော်တော်တတ်နေလို့လား။
မဟုတ်ပါဘူး မေးထားတဲ့လူတွေကို လေးစားအားနာတဲ့အနေနဲ့ တတ်စွမ်းသမျှဖြေပေးတာပါ။ အင်္ဂလိပ်စာကို ခုချိန်ထိ တတ်သေးတယ်လို့ကို မထင်တာပါ။ ဒါပေမဲ့ လေ့လာဖူးသမျှ အခြေခံပြီး ဖြေပေးတာဖြစ်ပါတယ်။ မကျေလည်သေးရင်လည်း message ပို့ပြီး မေးနိုင်ပါတယ်ဗျာ။
တကူးတက မေးမြန်းတဲ့သူတွေရော၊ စိတ်ရှည်လက်ရှည်ဖတ်ပေးတဲ့ မိတ်ဆွေကိုပါ ကျေးဇူးအထူးပါခင်ဗျာ။

အားလပ်ချိန်မှာ လုပ်လေ့ရှိတဲ့ လုပ်ဆောင်ချက်လေးတွေ

ကိုယ့်ရဲ့အားလပ်ချိန်မှာ ဘာတွေလုပ်လေ့ရှိကြသလဲ? ကိုယ့်ရဲ့ပတ်ဝန်းကျင်/ဝါသနာပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်တော့ တူနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ လုပ်ဆောင်ချက်အမျိုးမျိုးတွေကို လေ့လာကြည့်ရအောင်။ လေ့လာတဲ့အခါ အသုံးအနှုန်းလေးတွေကို ပိုပြီး ဂရုစိုက်လေ့လာပါ။

• watch TV - တီဗီကြည့်သည်
• go to the movies - ရုပ်ရှင်ရုံသွားသည်
(British English ကတော့ movie အစား cinema သုံးတယ်)
• play video games - ဗီဒီယို ဂိမ်းကစားသည် (Computer games တို့ Android games တို့ကစားချင်လည်း ဖြစ်တယ်နော်)
• listen to music - ဂီတ နားထောင်သည်
•read - စာဖတ်သည်
• surf the internet -အင်တာနက်သုံးသည်
• play an instrument - တူရိယာတစ်ခုခု တီးမှုတ်သည်
• go shopping - ရှော့ပင်းထွက်သည်
(စိတ်ပျော်ရွှင်ဖို့ ဟိုကြည့်ဒီကြည့်လုပ်၊ ဈေးလေးဘာလေးဝယ်တာကို go shopping သုံးပြီး တကယ်လိုအပ်လို့ ဝယ်ရတာမျိုးကျတော့ do the shopping သုံးရတယ်)
• do/play sport - အားကစားလုပ်
• spend time with the family - မိသားစုနဲ့အတူအချိန်ကုန်ဆုံးသည်
• go out with friends - သူငယ်ချင်းတွေနဲ့အပြင်ထွက်သည်
• study - လေ့လာသည်

 ကိုယ်ပိုင်ဝါကျလေးတွေ ဖွဲ့ပြီးလေ့ကျင့်ရအောင်။ နမူနာဝါကျလေးတွေကို ပွားပြီး ရေးကြည့်ပါ။

• I usually watch TV in the evening.
• I always go to the movies with my friends on Saturday.
• My brother often plays video/computer games.
• I like listening to music in my free time.
• I read a book before I go to bed.
• My sister surfs the internet after studying her lessons.
• Playing an instrument is a good way to spend your free time.
• Would you like to go shopping at weekends?
• You should encourage (အားပေး) your children to do sports.
• Some people like to spend time with the family.
• Whenever I am free, I go out with my friends.
• My brother sometimes study in his free time.

ဆရာစည်သူထက်

အင်္ဂလိပ်ဝေါဟာရ ကြွယ်ဝအောင် ဘယ်လိုလုပ်ကြမလဲ

ဘာလို့ဝေါဟာရ ကြွယ်ဝဖို့လိုတာလဲ?

အင်္ဂလိပ်စာကို နားလည်တတ်ကျွမ်းဖို့၊ အသုံးချတတ်ဖို့ဆိုရင် အင်္ဂလိပ်စာလုံးများများတတ်မှဖြစ်မယ်ဆိုတာ အားလုံးသိကြပါတယ်။ များများသိလေလေ ရေးဖတ်ပြောနားထောင် အားလုံးမှာ အဆင်ပြေလေလေပါပဲ။ အင်္ဂလိပ်စာနဲ့ဆိုင်တာအားလုံးမှာ အဆင်ပြေချောမွေ့ဖို့ ဝေါဟာရကြွယ်ဖို့လိုပါတယ်။

 ဝေါဟာရတိုးတက်အောင် ဘယ်လိုလုပ်ရမလဲ?

တစ်နည်းကတော့ ကျက်မှတ်တဲ့နည်းပါ။ တစ်နေ့ကို စာလုံးအရေအတွက်သတ်မှတ်ပြီး ကျက်မှတ်ပေါ့။ ဥပမာ စာလုံး တစ်နေ့ငါးလုံးကျက်မှတ်တာမျိုးက ရလာဒ်ကို ထင်ထင်ရှားရှားသိစေပါတယ်။ အသုံးများတဲ့ ဝေါဟာရ နှစ်ထောင်/သုံးထောင်စတာကို စာရင်းချပြီး ကျက်မှတ်တာ လုပ်နိုင်ပါတယ်။ စာအုပ်ကုန်သွားရင် ကိုယ့်အဖို့ စာလုံးသုံးထောင် တတ်ပြီပေါ့။ အမျိုးအစားတူရာအလိုက်စုထားတဲ့ ဝေါဟာရစာအုပ်လေးတွေလည်း ကျက်နိုင်ရင်ကောင်းပါတယ်။ စာအုပ်ညွှန်ပေးရမယ်ဆိုရင်တော့ ဆရာဦးသိန်းလွင်ရဲ့ ဝေါဟာရ ပဒေသာ စာအုပ်လေး ကောင်းပါတယ်။ နောက်ပြီး အင်္ဂလိပ်စာအုပ်တွေ လေ့လာနိုင်မယ်ဆိုရင်တော့ Cambridge ကထုတ်တဲ့ Vocabulary in Use နဲ့ Oxford ကထုတ်တဲ့ Word Skills စာအုပ်တွေရှိပါတယ်။

ကျက်လို့ပြောပေမယ့် ကျက်ရတာပျင်းတယ်။ ကျက်ပြီးရင်လည်း မေ့သွားရော။ အဲဒီတော့ ပင်ပန်းတာပဲရှိတယ်။ ဘယ်လိုလုပ်ရမလဲ?

ဒါက ထုံးစံပါပဲ။ မကျက်ချင်ရင် နောက်တစ်နည်းက အင်္ဂလိပ်စာနဲ့များများထိတွေ့ပေးဖို့ပါ။ အင်္ဂလိပ်စာ များများဖတ်၊ များများနားထောင်ပြီး တွေ့သမျှ စာလုံးအသစ်တွေ မှတ်သားပေးမယ်ဆိုရင်လည်း အထိအတွေ့များတာနဲ့အမျှ မှတ်မိတဲ့စာလုံးလည်း တိုးလာပါတယ်။

ကိုယ်ကိုတိုင် ဘယ်လိုလုပ်ခဲ့သလဲ?

ဘယ်လိုလုပ်ခဲ့သလဲမပြောခင် ဘယ်အဆင့်ကစသလဲ အရင်ပြောပါရစေ။ အင်္ဂလိပ်စာအုပ်ဆိုလို့ အထူးထုတ်လောက်ပဲမြင်ဖူးတဲ့ တောသားလေးတစ်ယောက် အင်္ဂလိပ်စာမေဂျာယူတဲ့အချိန်မှာ ဘာတစ်ခုမှမသိတဲ့ ဘဝစခဲ့ပါတယ်။ အင်္ဂလိပ်စာမဂ္ဂဇင်းလေးတွေကို ပထမဆုံးစဝယ်ပြီးလေ့လာပါတယ်။ ဖတ်တာဖတ်တယ် ကလေးတွေအတွက်ရေးတဲ့ပုံပြင်ကလွဲပြီး ကျန်တာမဖတ်တတ်ခဲ့ပါဘူး။ အတိုဆုံးဝတ္ထုတိုလေးတွေ စဖတ်ချိန်မှာလည်း မှတ်ထားတဲ့စာလုံးတွေများလွန်းလို့ မူရင်းစာတောင် ပျောက်ပါတယ်။ ဒါပေမဲ့ စာဖတ်ချိန်မှာ မသိတဲ့စာလုံးကို English-English Dictionary မှာရှာပါတယ်။ ကိုယ်ဖတ်တဲ့စာအုပ်ထဲက စာလုံးဘေးမှာ ကူးရေးပါတယ်။ သုံးခေါက်လောက်ဖတ်ပြီး Dictionary ထဲမှာလည်း စာလုံးဘေးမှာ ခြစ်ထားလိုက်တယ်။ နောက်ထပ်စာတွေဖတ်ရင်း အဘိဓာန်ရှာတဲ့အခါ အရင်ခြစ်ထားတဲ့ စာလုံးလေးတွေတွေ့ရင် ပြန်ဖတ်ပါတယ်။ ကိုယ်ဖတ်ထား၊ ရှာထားတဲ့အထဲက ကောင်းမယ်ထင်တဲ့စာလုံး ခုနစ်လုံးလောက်ကို ဗလာစာအုပ်ထဲကူးထည့်ပြီး ကျက်ပါတယ်။ စာများများတော့ဖတ်ပါတယ်။ ဒီလိုလုပ်လာရင်း ကိုယ့်ကိုကိုယ် စကားလုံးဘယ်လောက်တိုးလာလဲတော့ မသိဘူး။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ ဟိုးအရင်က ဖတ်ခဲ့ဖူးတဲ့စာအုပ်တွေပြန်ကြည့်တဲ့အခါ မှတ်ထားတာလေးတွေ ပြန်တွေ့တယ်။ ခုတော့ အဲဒီစကားလုံးတွေအားလုံး ကိုယ်ကောင်းကောင်းသိတာဖြစ်နေပါပြီ။ ခုချိန်မှာတော့ ဒီလောက်မလုပ်ဖြစ်တော့ပါဘူး။ ဒါပေမဲ့ စာဖတ်တဲ့အချိန်မှာ စကားလုံးတွေရှာပြီး စာလုံးရဲ့ဘေးမှာ ရေးမှတ်တာတော့ လုပ်ဖြစ်ပါတယ်။ မေ့သွားမှာမပူပါဘူး။ မေ့ပါစေ။ အသုံးများတဲ့စာလုံးတွေ ခဏခဏပြန်တွေ့ရတတ်ပါတယ်။ တွေ့တိုင်းပြန်ပြန်မှတ်လာရင် နောက်ဆုံးဒီစကားလုံးကိုယ်တတ်တာပါပဲ။

စကားလုံးများများသိတာနဲ့ ပိုင်ပိုင်နိုင်နိုင်တတ်တာ ဘယ်ဟာပိုကောင်းလဲ?

နှစ်မျိုးလုံးလိုတယ်လို့ ပြောပါရစေ။ စာဖတ်ဖို့ နားထောင်ဖို့ကျတော့ များများသိလေ ကောင်းလေပါ။ ဒါပေမဲ့ ရေးမယ် ပြောမယ်ဆို ပိုင်ပိုင်နိုင်နိုင်သိမှပိုအဆင်ပြေတယ်။ ဒါကြောင့် စာလုံးလေးတွေကျက်မယ်ဆို ဥပမာဝါကျနဲ့တွဲကျက်ပါ။

ခုနည်းပေးလမ်းညွှန်လုပ်နေတဲ့သူက ဘယ်လောက်ထိတတ်နေလို့လဲ။ ဘာလို့လမ်းညွှန်ပေးနေတာလဲ?

တကယ်တော့ ကျွန်တော်က လေ့လာနည်းလမ်းညွှန်ပေးနေပေမဲ့ ကိုယ့်ကိုကိုယ် အင်္ဂလိပ်စာတတ်တယ်လို့ကို မခံယူဝံ့ပါဘူး။ အင်္ဂလိပ်စာတတ်မြောက်ကျွမ်းကျင်နေတဲ့ ဆရာ/မ တွေရဲ့ မျက်စိစပါးမွှေးစူးမှာကိုလည်း ကြောက်ပါတယ်။ ဒါပေမဲ့ ကိုယ်က အင်္ဂလိပ်စာ အနှုတ်ဘဝက စခဲ့ရပြီး သုညအဆင့်လောက်ထိ တက်လာနိုင်တဲ့အခါ ကိုယ့်အားထုတ်ခဲ့မှုနဲ့ယှဉ်တဲ့ အတွေ့အကြုံတွေ အထိုက်အလျောက်ရခဲ့ပါတယ်။ ဒီအတွေ့အကြုံတွေက ကိုယ့်လိုစတင်ခဲ့ရတဲ့သူတွေ၊ ကိုယ့်ထက်ကံကောင်းတဲ့သူတွေအတွက် အထိုက်အလျောက်အကူအညီဖြစ်စေချင်တဲ့ စေတနာသက်သက်ပါ။ မရောက်ဖူးသေးတဲ့ခရီးတစ်ခုသွားသလိုပါပဲ။ ခက်ခက်ခဲခဲ လမ်းဖောက်သွားဖူးတဲ့သူက လမ်းခရီးကို မှတ်မိပါတယ်။ ကိုယ်ရောက်ဖူးတဲ့လမ်းကြောင်းကို သူများအတွက်လည်း လမ်းပြပေးတဲ့သဘောပါ။ ဒီအပေါ်အခြေခံပြီး ပိုပြီးနီးတဲ့လမ်းကြောင်းကို ကိုယ်ပိုင်ဆုံးဖြတ်နိုင်သလို ပြထားတဲ့လမ်းကြောင်းက အနီးဆုံးဆိုရင် အဆင်သင့်လျှောက်လှမ်းနိုင်သလိုပါပဲ။ စမ်းတဝါးဝါးလုပ်တာထက်စာရင် အကျိုးမမဲ့ဘူးလို့ယုံကြည်ပါတယ်။
အားလုံးအဆင်ပြေပါစေ

ဆရာစည်သူထက်