ပထမဆုံးအနေနဲ့ Grammar စာအုပ်ညွှန်းပါရစေ။ “Raymond Murphy" ရဲ့ “English Grammar in Use" ဆိုတဲ့ စာအုပ်ပါ။ ဒီစာအုပ်က အလယ်အလတ်အဆင့် အင်္ဂလိပ်စာတတ်မြောက်စေဖို့ ရည်ရွယ်ထားတဲ့ သဒ္ဒါစာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်သာ ကျေညက်ရင် နိုင်ငံတကာစာတတ်ပေတတ်အဆင့် grammar ကို နားလည် နိုင်ပါလိမ့်မယ်။
“English Grammar in Use" မှာ Unit ပေါင်း 145 ခုပါပါတယ်။ စာအုပ်ရဲ့ ဘယ်ဘက်စာမျက်နှာမှာ ရှင်းလင်းချက်တွေပါပြီး ညာဘက်စာမျက်နှာမှာ လေ့ကျင့်ခန်းတွေပါပါတယ်။ စာအုပ်ကို လေ့လာတဲ့အခါ အစဉ်တိုင်း 1 ကနေ 145 အထိလေ့လာစရာ မလိုပါဘူး။ ကိုယ်ဘယ်အချက်တွေ မသိတာလဲ။ မသိတဲ့ အချက်တွေပါတဲ့ Unit ကို လှန်ပြီး လေ့လာလို့ရပါတယ်။ ကောင်းတာတစ်ခုက ဒီစာအုပ်ကို လက်တွေ့အသုံးချဖို့ အားထုတ်ထားတာပါ။ ဒီတော့ စာအုပ်ကို ကျေကျေညက်ညက်လေ့လာပြီးရင် အခေါ်အဝေါ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အလွတ်ရချင်မှ ရလိမ့်မယ်။ ဒါပေမဲ့ လက်တွေ့မှန်မှန်ကန်ကန်သုံးတတ်သွားလိမ့်မယ်လို့ ကိုယ်တွေ့နဲ့ယှဉ်ပြီး အာမခံပါတယ်။ “English Grammar in Use" ကို မြန်မာဘာသာပြန်ထားတဲ့ စာအုပ်တွေရှိပါတယ်။ ဒါပေမဲ့ မူရင်းအင်္ဂလိပ်လိုရေးတာကိုသာဖတ်ပါ။ grammar နားလည်တဲ့အပြင် reading skill ပါရနိုင်ပါလိမ့်မယ်။ ရေးထားတာလည်း လွယ်ပါတယ်။
တစ်ခုရှိတာက “English Grammar in Use" စာအုပ်က အတန်အသင့်ထူတဲ့အတွက် သာမာန်ဇွဲလုံ့လနဲ့တော့ အဆုံးထိဖတ်နိုင်ဖို့မလွယ်ပါဘူး။ အဆုံးထိ ကျေကျေညက်ညက်မလေ့လာဘဲ ဘယ်ပညာမှ မတတ်မြောက်နိုင်ဘူးဆိုတာတော့ သတိရစေချင်ပါတယ်။ ဒီတော့ ဘယ်လိုဖတ်ကြမလဲ။
√ ပထမဆုံးအနေနဲ့ target သတ်မှတ်ပါ။ တစ်နေ့ကို Unit တစ်ခု သို့မဟုတ် နှစ်ခုနေ့တိုင်းဖတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ဘယ်နှစ်လအတွင်း အပြီးဖတ်မယ်လို့ သတ်မှတ်ထားပါ။
√ ကိုယ်နဲ့နီးစပ်တဲ့နေရာမှာ စာအုပ်ထားပါ။ အချိန်ရောက်ရင် စိတ်ဝင်စားသည်ဖြစ်စေ မဝင်စားသည်ဖြစ်စေ ဖတ်ကိုဖတ်ပါ။
√ နောက်ထပ် လုပ်နိုင်သေးမယ်ဆို မှတ်စုထားပါ။ စာအုပ်ထဲပါသမျှ အကုန်ပြန်ကူးဖို့တော့ မလိုပါဘူး။ ဒါပေမဲ့ အလွယ်တကူ မမှတ်မိတာလေး၊ အသစ်အဆန်းလေးတွေ ကူးရေးပြီး ပြန်ဖတ်ပေးပါ။ နမူနာဝါကျတွေ ကူးရေး၊ ဆင်တူပုံစံလေးတွေ ဝီရိယစိုက်ရေးပေးပါ။
ဒီလိုသာ ဝီရိယကောင်းကောင်းနဲ့ လုပ်ဖြစ်မယ်ဆို တစ်အုပ်လုံးကုန်တဲ့အချိန်မှာ ကိုယ့်ရဲ့အင်္ဂလိပ်စာ တတ်မြောက်မှုအဆင့် ခုန်ကျော်ပြီး တတ်သွားတယ်လို့ ကျိန်းသေခံစားရပါလိမ့်မယ်။
“English Grammar in Use" စာအုပ်ကို Cambridge University ကထုတ်ပြီး အကြိမ်ကြိမ်ရိုက်နှိပ်ရတဲ့အပြင် အခုဆိုရင် Fourth Edition ပါ ရနိုင်ပါပြီ။ ဆိုင်ကြီးတွေမှာ မေးဝယ်နိုင်ပါတယ်။ ကျွန်တော် Fourth Edition ဝယ်တုန်းက 3000 ပေးရပါတယ်။ Third Edition တုန်းကတော့ 1400 ပဲ ပေးခဲ့ရတာပါ။ တကယ်လို့ ဒီစာအုပ်က ကိုယ်ရဲ့အဆင့်နဲ့မကိုက်ညီဘူးထင်ရင် အခြေခံအဆင့်ဖြစ်တဲ့ “Essential Grammar in Use" သို့မဟုတ် အဆင့်မြင့်ဖြစ်တဲ့ “Advanced Grammar in Use" ကိုလေ့လာပါ။ Elementary / Intermediate / Advanced ဆိုပြီး series အလိုက်ရှိတာ ဖြစ်ပါတယ်။
လေ့လာသင့်တဲ့စာအုပ်တွေ ထပ်မံညွှန်းပေးပါဦးမယ် ခင်ဗျာ။
ဆရာစည်သူထက်
EmoticonEmoticon