Showing posts with label GRAMMAR BASIC. Show all posts
Showing posts with label GRAMMAR BASIC. Show all posts

Tuesday, November 1, 2016

Adjective ကို ဘယ်နေရာမှာ ထားကြမလဲ?

Noun ကို အထူးပြုတဲ့စကားလုံးကို Adjective လို့ခေါ်မှန်း သိပြီးရောပေါ့နော်။ အဲဒီ Adjective ကို ဘယ်နေရာမှာ ထားကြမလဲ။ 

Adjective အများစုကို ဝါကျတစ်ကြောင်းထဲက နေရာနှစ်မျိုးမှာ ထားလေ့ရှိတယ်။ ဒီပုံစံပေါ့။
◊ Adjective + Noun
◊ Subject + Linking verb (be, seem, look, etc.) + Adjective


အသေးစိတ် ကြည့်ကြမယ်နော်။
1. Noun (နာမ်) ရဲ့ရှေ့မှာ
1.1 The NEW secretary doesn’t like me.
အတွင်းရေးမှူးအသစ်က ငါ့ကို သဘောမကျဘူး။
1.2 She married a RICH businessman.
သူက ချမ်းသာတဲ့ လုပ်ငန်းရှင်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။


2. Linking verb (ချိတ်ဆက်ပေးတဲ့ကြိယာတွေ- be, seem, look, appear, feel နဲ့ တခြားကြိယာတွေ) နောက်မှာ
2.1 That dress is NEW, isn’t it?
ဒီဝတ်စုံက အသစ်။ ဟုတ်တယ်မဟုတ်လား။
2.2 He looks RICH.
သူက ချမ်းသာတဲ့ပုံပဲ။

ဟုတ်ပြီ။ ဒါဆို adjective တိုင်းကို noun ရှေ့၊ verb အနောက် ထားလို့ရလား။ မရပါဘူး။

တချို့ adjective တွေက noun ရှေ့မှာ သုံးနိုင်တယ်။ ဒါပေမဲ့ verb အနောက်မှာ သုံးလေ့မရှိဘူး။
ဥပမာ-
elder, eldest, little
Verb နောက်မှာ သုံးချင်ရင် older, oldest, small ဒါတွေ သုံးရတယ်။
အခု older, oldest နဲ့ elder, eldest ဘာကွာလဲ ဆိုတာပါ ဂရုပြုကြည့်ပေါ့။

1. My ELDER brother lives in Yangon.
ငါ့အစ်ကို ရန်ကုန်မှာနေတယ်။ (အောက်က စာကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပါ)
2. He’s three years OLDER than me.
သူက ငါ့ထက် သုံးနှစ် အသက်ပိုကြီးတယ်။


တချို့ adjective တွေကျပြန်တော့ verb အနောက်မှာပဲ ထားလို့ရတယ်။ noun ရှေ့မှာ သုံးလို့ မရပြန်ဘူး။
အတွေ့ရများတဲ့ စကားလုံးတွေကတော့
ill (နေမကောင်းသော),
well (နေကောင်းသော),
afraid (ကြောက်ရွံ့သော),
alive (အသက်ရှင်သော),
alone (တစ်ဦးတည်းဖြစ်သော),
asleep (အိပ်ပျော်သော)


Noun ရှေ့မှာ သုံးချင်ရင် sick, healthy, frightened, living, alone, sleeping ဒီစကားလုံးတွေ သုံးရတယ်။
ဝါကျတွေကို နှိုင်းယှဉ်ပြီး လေ့လာကြည့်ပါ။

1.1 He looks ILL.
သူ နေမကောင်းတဲ့ပုံပဲ။
1.2 He’s a SICK man.
သူက နေမကောင်းတဲ့သူပါ။
2.1 Your mother is very WELL.
မင်းရဲ့အမေ သိပ်ကျန်းမာရေးကောင်းတယ်။
2.2 She’s a HEALTHY woman.
သူက ကျန်းမာတဲ့ အမျိုးသမီးပါ။
3.1 She’s ASLEEP.
သူအိပ်ပျော်နေတယ်။
3.2 A SLEEPING baby
အိပ်နေတဲ့ ကလေး


အတိုင်းအတာတွေကို ဖော်ပြရင်တော့ အတိုင်းအတာပြတဲ့နာမ် (measurement-noun) နောက်မှာ ရေးရတယ်
two metres HIGH (NOT high two metres)
ten years OLD
two miles LONG


Ref: Basic English Usage

travel/journey/trip/voyage ဘယ်လိုကွာခြားလဲ?





travel (ခရီး) ဆိုတာက ယေဘုယျအနေနဲ့သုံးတဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။ တစ်နေရာကနေ တစ်နေရာသွားလာတဲ့ ခရီးကို ဆိုလိုပါတယ်။


travel က ရေတွက်လို့ မရတဲ့နာမ် (uncountable noun) ဖြစ်ပါတယ်။

ဒီလိုမျိုးသုံးလေ့ရှိတယ်။
 air travel
 food and travel
 space travel
 business travel
 a travel agency


ဥပမာ-
(1) My interests are music and TRAVEL.
ကျွန်တော့်ရဲ့ စိတ်ဝင်စားမှုက ဂီတနဲ့ ခရီးဖြစ်ပါတယ်။
(2) Air TRAVEL is getting more expensive.
လေကြောင်းခရီးက ပိုပြီးဈေးကြီးလာတယ်။
(3) The magazine is a food and TRAVEL guide.
ဒီမဂ္ဂဇင်းက အစားအသောက်နဲ့ ခရီးသွားလမ်းညွှန်ဖြစ်တယ်။


တစ်ခါတစ်လေ travels လို့ အများကိန်းပုံစံ သုံးနိုင်ပါတယ်။ အတော်လေး ခမ်းနားတဲ့ ခရီး၊ စူးစမ်းလေ့လာရေး အစီအစဉ်တွေမှာဆိုရင် သုံးနိုင်ပါတယ်။
ဥပမာ-
He wrote a wonderful book about his TRAVELS in the Himalayas.
သူက ဟိမဝန္တာတောင်တန်းတွေမှာ သူ့ရဲ့ခရီးတွေအကြောင်း သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ်ရေးခဲ့တယ်။


journey ဆိုတာက “ခရီးသွားလာခြင်းရဲ့ အစိတ်အပိုင်းတစ်ခု” (one “piece” of travelling) ဖြစ်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို သွားလာတဲ့အခါ ခြုံငုံမိတဲ့အကွာအဝေးကို journey လို့ ခေါ်တာပါပဲ။ ဒီလိုမျိုးတွေပြောနိုင်ပါတယ်။

 a bus journey
 a train journey
 a journey to school
 my journey to work

ဥပမာ-
(1) Did you have a good JOURNEY? (NOT Did you have a good travel?)
ခင်ဗျားကောင်းမွန်တဲ့ ခရီးတစ်ခု ရခဲ့ရဲ့လား။
(2) I met Jane on my last JOURNEY to England. (NOT my last travel)
ကျွန်တော် ဂျိမ်းကို အင်္ဂလန်ကို နောက်ဆုံးသွားခဲ့တဲ့ ခရီးမှာ တွေ့ခဲ့တယ်။


trip ဆိုတာကတော့ တစ်နေရာကို သွားပြီးပြန်ရောက်လာတဲ့ ခရီးဖြစ်စဉ်တစ်ခုလုံးကို ဆိုလိုပါတယ်။ ခရီးသွားရတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ (စီးပွားရေး၊ အပျော်) စတဲ့ လုပ်ဆောင်မှုပါတတ်တယ်။ ဒီလိုတွေ သုံးနိုင်ပါတယ်။
 a day trip
 a round-the-world trip
 a boat trip
 a business trip

ဥပမာ-
(1) I am going on a business TRIP next week. (I’m going on a journey and I’m going to do some business.)
ရှေ့တစ်ပတ် ကျွန်တော်စီးပွားရေးခရီးထွက်မယ်။
(2) Peter’s school is organizing a skiing TRIP to the Alps.
ပီတာရဲ့ ကျောင်းက အဲ့လ်ပ်စ် တောင်တန်းတွေကို နှင်းလျှောစီးထွက်တဲ့ခရီး စီစဉ်နေတယ်။


journey နဲ့ trip နှိုင်းယှဉ်ကြည့်ပါ။
(1) “How was your journey?” “The train broke down.”
“ခင်ဗျားရဲ့ ခရီးက ဘယ်လိုလဲ။” “ရထားပျက်သွားခဲ့တယ်ဗျာ။”
(2) “How was your trip?” “Successful.”
“ခင်ဗျားရဲ့ ခရီးက ဘယ်လိုလဲ။” “အောင်မြင်တာပေါ့။”


ပင်လယ်ရေကြောင်းခရီးရှည်ကို voyage လို့ခေါ်ပါတယ်။
ဥပမာ-
A VOYAGE around the world often took four or five years.
ကမ္ဘာတစ်ပတ်ရေကြောင်းခရီးက လေးနှစ်သို့မဟုတ် ငါးနှစ်ကြာလေ့ရှိတယ်။


ဝိဘတ်အသုံးတွေကို ဂရုပြုပါ။
 on a journey
 on a trip
 on a voyage


အကုန်လုံးကို အနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်- travel/journey/trip အားလုံးက မြန်မာလိုဆိုရင် ခရီးလို့ အဓိပ္ပာယ်ရတယ်။
တစ်နေရာကနေ တစ်နေရာသွားလာတာကို ယေဘုယျသဘောပြောရင် travel လို့ခေါ်တယ်။
travel ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ တစ်နေရာကနေ တစ်နေရာ အကွာအဝေးခရီးကို journey လို့ခေါ်တယ်။
(ခရီးရှည်ဖြစ်တတ်တယ်)

တစ်နေရာသွားပြီး ပြန်ရောက်လာတဲ့ ခရီးစဉ်တစ်ခုလုံးက trip ပါ။ (လုပ်ဆောင်ချက်ပါတတ်တယ်)
ပင်လယ်ရေကြောင်းခရီးဆိုရင်တော့ voyage ဖြစ်ပါတယ်။ (ခုခေတ်မှာ voyage သွားတာ မရှိသလောက်နည်းပါပြီ)

အင်္ဂလိပ် စာလုံး၊ အသုံးအနှုန်းမသိတဲ့အခါ ဘာလုပ်ရမလဲ?

ကျွန်တော်တို့ လေ့လာသူတွေမှာ များသောအားဖြင့် ဝါကျတွေ ဖွဲ့တတ်ပါလျက်နဲ့ စာလုံးတစ်လုံး၊ အသုံးအနှုန်းတစ်ခုကို မြန်မာလိုသိတယ်၊ အင်္ဂလိပ်လိုမပြောတတ်ဘူး။ ဒါမှမဟုတ် ကိုယ်က တစ်ခုခုတော့ ထင်တယ်၊ ဒါပေမဲ့ စိတ်ထဲမှာ မကျိန်းသေလို့ မသုံးရဲ၊ မသုံးတတ်တာတွေရှိပါတယ်။ တကယ်တော့ ဒီပြဿနာတွေကို ဖြေရှင်းစရာ နည်းလမ်းရှိပါတယ်။ 

ပထမဆုံးနည်းလမ်းက အဘိဓာန်သုံးတာပါ။ မြန်မာအဓိပ္ပာယ်ဆင်တူတဲ့ စကားလုံးတွေကို အင်္ဂလိပ်လိုမှာ ခွဲခြားသုံးရတာရှိပါတယ်။ အလွယ်ဆုံးဥပမာပေးရရင် ချေးသည် ဆိုတာကို အင်္ဂလိပ်လို borrow/lend နှစ်မျိုးသုံးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ကချေးငှားတာဆို lend၊ ကိုယ်က ချေးယူတာဆို borrow ဖြစ်ပါတယ်။ ဘယ်လိုသုံးရမလဲ တိတိကျကျသိဖို့ အထောက်အကူဖြစ်တာကတော့ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်ပါပဲ။ အင်္ဂလိပ်-မြန်မာ အဘိဓာန်နဲ့ပါ တွဲဖက်လေ့လာနိုင်ပါတယ်။ အင်္ဂလိပ်လိုရှင်းပြချက်ဖတ်တဲ့အခါ အဓိပ္ပာယ်တိတိကျကျ၊ အသုံးအနှုန်းမှန်မှန်ကန်ကန်သိပြီး သုံးတတ်သွားပါတယ်။ နမူနာဝါကျတွေကိုပါ လေ့လာပြီး ဝေါဟာရလည်း ထပ်ပြီးကြွယ်ဝနိုင်ပါတယ်။ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန်နဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေကို Download လုပ်ချင်တယ်ဆိုရင်တော့ ဒီ Link ကို ဝင်ဖတ်ကြည့်ပါ။ https://m.facebook.com/story.php…
 
နောက်ထပ်နည်းလမ်းတစ်ခုကတော့ နည်းပညာကို ကောင်းကောင်းအသုံးချတာပါပဲ။ ဒီခေတ်မှာ လူတိုင်းလိုလို အင်တာနက်သုံးနိုင်တဲ့ ဖုန်းလေးတွေ ရှိနေကြပါပြီ။ ဒါတွေက လေ့လာစရာ အရင်းအမြစ်ကောင်းတွေပါပဲ။ Google ဆိုတဲ့ Search Engine က တခြားဗဟုသုတတွေတင်မက အင်္ဂလိပ်စာ အသုံးအနှုန်းဝေါဟာရတွေ သိစေနိုင်၊ မှန်ကန်စေနိုင်တဲ့ ရတနာသိုက်တစ်ခုပါ။ တချို့ အဘိဓာန်မှာ မပါတဲ့ စကားလုံးအသုံးအနှုန်းကို ဘယ်လိုရှာရမလဲဆိုတော့ ကိုယ်သိထားတာနဲ့ ဆက်စပ်ပြီး အဓိကစာလုံးတွေ ရိုက်ပြီးရှာပါ။ ဥပမာ ကျွန်တော်တခါက ဆိုကရေးတီးပြိုင်ပွဲ ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောရမလဲ တိတိကျကျမသိဘူး။ ကိုယ့်စိတ်ထဲမှာ Arts and performance competition ဖြစ်မယ်လို့ ထင်နေတယ်။ ဒီတော့ Arts and performance competition လို့ပဲ Google မှာ ရိုက်ရှာလိုက်တော့ မြန်မာနိုင်ငံမှာ ဆိုကရေးတီးပြိုင်ပွဲ ကျင်းပတဲ့အကြောင်း အင်္ဂလိပ်လိုဆောင်းပါးတွေ အများကြီးရလာတယ်။ အဲဒီဆောင်းပါးတွေ လိုက်ကြည့်လိုက်တဲ့အခါ အသုံးအနှုန်းအမှန်က performing arts competition မှန်းသိသွားတယ်။ နောက်တစ်ခု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆိုတာကို ကိုယ်က Department of General Administration သုံးရင်ကောင်းမလားစဉ်းစားမိတယ်။ ဒါပေမဲ့ မသေချာလို့ Google မှာပဲ Department of General Administration လို့ ရိုက်လိုက်တဲ့အခါ အစိုးရ websiteရဲ့ အသုံးအနှုန်းအရ General Administration Department လို့ သုံးမှန်းသိလာရတယ်။ သုံးစွဲပုံထုံးစံကိုပါ တိတိကျကျသိလာရတာပေါ့။ ဒီတော့ အသုံးအနှုန်းတစ်ခုခုကို အင်္ဂလိပ်လိုတိတိကျကျသိချင်တယ်ဆိုရင် ကိုယ်မှန်းဆမိတဲ့ စာလုံးအတိုင်းရိုက်ရှာ၊ ကျလာတဲ့စာတွေကို များများ လိုက်ဖတ်ရင် အဆင်ပြေပြေရှာတွေ့နိုင်ပါတယ်။ 

နောက်ဆုံးတစ်ချက်ပြောရမယ်ဆိုရင်တော့ ကိုယ့်မှာ Dictionary ရှာလို့လည်း နားမလည်၊ website တွေဖတ်ကြည့်တော့လည်း မဖတ်တတ်၊ စာလုံးတွေ မှန်းဆပြီး ရိုက်ရှာရအောင်လည်း စာလုံးတွေမသိဘူးဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာ/မတွေ မေးရပါမယ်။ ဒါပေမဲ့ မေးတဲ့အခါ သိထားသင့်တဲ့ လူမှုစည်းကမ်းတွေ ရှိနေပါတယ်။ ဆရာ/မတွေ ဆိုတာ အမြဲအားနေသူတွေမဟုတ်ပါဘူး။ ဒီတော့ ကိုယ့်ဘက်က ချက်ချင်းမဖြေပေးရကောင်းလားဆိုပြီး ငြိုငြင်လို့မရပါဘူး။ နောက်ပြီး စကားလုံးမေးတဲ့အခါ တစ်လုံးချင်း လုံးကောက်မမေးရပါဘူး။ စကားအဆက်အစပ်ရအောင် စာကြောင်း၊ စာပိုဒ်ပါ ရည်ညွှန်းပြီးထည့်မေးရပါတယ်။ နောက်ပြီး စာမျက်နှာလိုက်၊ အပိုဒ်လိုက် ဘာသာမပြန်ခိုင်းရပါဘူး။ စာမေးတဲ့အခါ "သိရင်ပြောပြပါလား" ဆိုတာမျိုး မချေငံတဲ့ အသုံးအနှုန်းမသုံးရပါဘူး။ ကိုယ်က စာမေးတယ်ဆိုကတည်းက ဆရာတင်ပြီးမေးတာပါ။ ကိုယ့်ဘက်က ယဉ်ကျေးမှု၊ နှိမ့်ချမှု၊ လေးစားမှုရှိရပါမယ်။ ဒါတွေက မပြောဘဲ သိရမယ့် ယဉ်ကျေးမှုတွေပါ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကြုံရတာအရရော၊ တခြားဆရာ/မတွေက ပြန်ပြောတာရော ကြားရတာအရရော မသိတဲ့သူတွေရှိနေတာသေချာနေလို့ ဒီအချက်တွေကို ထည့်ပြောရတာဖြစ်ပါတယ်။ ဆရာ/မတိုင်း ပညာလိုချင်သူတွေကို ကူညီပေးလိုစိတ် အပြည့်ရှိပါတယ်။ ဆရာ/မတစ်ယောက်ယောက် ရှင်းပြလိုက်တဲ့အခါ ကိုယ်လည်း ရှင်းရှင်းလင်းလင်း နားလည်နိုင်ပါတယ်။

"Essential English-မရှိမဖြစ်အင်္ဂလိပ်စာ" အနေနဲ့ကတော့ အင်္ဂလိပ်စာလေ့လာသူတွေကို အကောင်းဆုံးကူညီပေးဖို့ကြိုးစားတဲ့အတွက် မသိနားမလည်တာ၊ မေးမြန်းချင်တာရှိလို့ မေးမြန်းလာတာတွေအားလုံးကို အနှေးနဲ့အမြန်ဆိုသလို လက်ခံဖြေကြားပေးဖြစ်ပါတယ်။ သင်ခန်းစာတွေ လေ့လာချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်၊ အင်္ဂလိပ်စာဆိုင်ရာ အကူအညီလိုရင်ပဲဖြစ်ဖြစ် "Essential English-မရှိမဖြစ်အင်္ဂလိပ်စာ" page ဖြစ်တဲ့ www.facebook.com/EssentialEnglishService မှာ အကူအညီရယူနိုင်ပါတယ်။ 

Friday, December 11, 2015

State Verbs

“State Verbs  (အခြေအနေပြ ကြိယာများ) ဆိုတာဘာလဲ။ ဘယ်လိုသုံးရမလဲ"
 
Present Continuous ကို state verbs တွေနဲ့ ပုံမှန်အားဖြင့် မသုံးရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ verbs တွေရဲ့ အဓိပ္ပာယ်ကိုယ်တိုင်က "ယာယီဖြစ်တဲ့တစ်စုံတစ်ခု"ကိုပြတာထက် "ယေဘုယျမှန်ကန်မှု"ကို ပြလို့ပါပဲ။
ဒီ verbs တွေက အောက်မှာပေးထားတာတွေကို ဖော်ပြတယ်။
• thoughts - အတွေးတွေ
• feelings - ခံစားချက်တွေ
• senses - အာရုံတွေ
• possession - ပိုင်ဆိုင်မှု
• description - သရုပ်ဖော်ချက်
တစ်ခုချင်း အသေးစိတ်ကြည့်ရအောင်

thoughts - (အတွေးတွေ)
agree (သဘောတူသည်).. assume (ယူဆသည်။ မှတ်ယူသည်).. believe (ယုံကြည်သည်).. disagree (သဘောကွဲလွဲသည်။ သဘောမတူ).. forget (မေ့လျော့သည်).. hope (မျှော်လင့်သည်).. know (သိသည်) regret (နောင်တရသည်).. remember (သတိရသည်။ မှတ်မိသည်).. suppose (ထင်သည်။ ယူဆသည်).. think (ထင်သည်).. understand.. (နားလည်သည်)
~ I assume you are too busy to play computer games. မင်းက ကွန်ပျူတာဂိမ်းမကစားနိုင်လောက်အောင် အလုပ်များနေမယ်လို့ ငါကယူဆထားတာ။

feelings - (ခံစားချက်တွေ)
adore (မြတ်နိုးသည်).. despise (အထင်အမြင်သေးသည်။ စက်ဆုပ်ရွံရှာသည်).. dislike (မနှစ်သက်။ သဘောမကျဖြစ်သည်).. enjoy (မွေ့လျော်သည်။ သာယာကြည်နူးသည်).. feel (ခံစားရသည်).. hate (မုန်းသည်).. like (နှစ်သက်သည်).. love (ချစ်သည်).. mind (စိတ်အနှောက်အယှက်ဖြစ်စေသည်။ အရေးစိုက်သည်။ ဂရုစိုက်သည်).. prefer (ပိုနှစ်သက်သည်).. want (အလိုရှိသည်)
~ Do you mind if I ask you a few questions? မေးခွန်းနည်းနည်းမေးရင် စိတ်အနှောက်အယှက်ဖြစ်မှာလား။
~ I love music. ငါက ဂီတကို ချစ်တယ်။

senses - (အာရုံတွေ)
feel (အာရုံခံစားရသည်).. hear (ကြားသည်).. see (မြင်သည်).. smell (အနံ့ရသည်).. taste (အရသာခံသည်။ … အရသာရှိသည်)
This pudding smells delicious. ဒီပူတင်းက အရသာရှိမယ့် အနံ့ရတယ်။
>> မှတ်ထားရမှာက အခုအချိန်ဖြစ်ပျက်နေတာကို ပြောချင်ရင် can ထည့်ပြီးသုံးရတယ်။
I can smell something burning. တစ်ခုခု တူးနေတဲ့ အနံ့ငါရနေတယ်။
ဒါကို I am smelling something burning. လုပ်နေရင်တော့ လွဲပြီ။

possession - (ပိုင်ဆိုင်မှု)
have (ရှိသည်).. own (ပိုင်သည်).. belong (ပိုင်သည်)
My parents own a restaurant. ကျွန်တော့်မိဘတွေက စားသောက်ဆိုင်တစ်ဆိုင်ပိုင်တယ်။

description - (သရုပ်ဖော်ချက်)
appear (ပေါ်လာသည်).. contain (ပါဝင်သည်).. look (…ထင်ရသည်။ ပုံပေါက်သည်).. look like (ဆင်တူသည်).. mean (ဆိုလိုသည်။ အဓိပ္ပာယ်ရသည်).. resemble (ဆင်တူသည်).. seem (ဖြစ်ပုံပေါ်သည်).. smell (အနံ့ရသည်။ မွှေးသည်).. sound (ထင်ရသည်).. taste (အရသာရှိသည်).. weigh (လေးသည်)
You look like your mother.
နင်က နင့်အမေနဲ့တူတယ်။ (ဒါက အမြဲတမ်းတူတာပါ။ ခုယာယီပဲ တူတာမဟုတ်ဘူး။ ဒါကြောင့် တူနေတယ်ဆိုပြီး continuous ပုံစံ ing နဲ့ သုံးလို့မရဘူး)
>> တချို့state verbs တွေက ယာယီအဓိပ္ပာယ်ရှိနေတဲ့အခါမှာ continuous ပုံစံသုံးလို့ရတယ်။ ဆိုလိုတာက အခုလောလောဆယ် လုပ်နေ၊ ဖြစ်နေတဲ့ အဓိပ္ပာယ်နဲ့ပြောချင်ရင် ing ထည့်သုံးလို့ရတယ်။ အင်္ဂလိပ်စာလုံးတစ်လုံးမှာ အဓိပ္ပာယ်တစ်ခုမက ရှိတတ်သလို အခြေအနေအမျိုးမျိုးနဲ့ သုံးတတ်တယ်။ ဒါကြောင့် စကားအဆက်အစပ်ကိုကြည့်ပြီး ဘယ်လိုအဓိပ္ပာယ်နဲ့သုံးချင်တာလဲ ဆုံးဖြတ်တတ်ဖို့ အရေးကြီးတယ်။
What are you thinking about? မင်းဘာတွေ တွေးနေတာလဲ။ (အခုအချိန်)
I think you should tell her exactly what happened. ဘာတွေဖြစ်ခဲ့သလဲဆိုတာ မင်းသူ့ကို အတိအကျပြောပြသင့်တယ်လို့ ငါထင်တယ်။
(ဒါက ကိုယ့်ရဲ့အမြင်။ ဒါကြောင့် ယာယီအခြေအနေမဟုတ်ဘူး)
I'm tasting the sauce to see if it needs any more salt. ဆားထပ်ထည့်ဖို့ လိုဦးမလား သိရအောင် ဆော့စ်ကို ငါမြည်းကြည့်နေတယ်။
The sauce tastes delicious. ဒီဆော့စ်က အရသာရှိတယ်။
She's having a great time. သူပျော်နေတယ်။ (having = experiencing)
Students don't generally have much money. ကျောင်းသားတွေမှာ ယေဘုယျအားဖြင့် ပိုက်ဆံများများမရှိတတ်ဘူး။ (have = possession)

ဆရာစည်သူထက်
Ref:
#Grammar for IELTS

Present Continuous

Present Continuous ရဲ့ပုံစံက ဘာလဲ၊ ဘယ်လိုသုံးရမလဲ ?


• ရိုးရိုးဝါကျမှာဆိုရင် am/is/are+ V-ing ပုံစံပါ။ ဥပမာ He's living in Thailand. သူထိုင်းနိုင်ငံမှာ နေနေတယ်။
• အငြင်းဝါကျမှာဆိုရင် am/is/are +not+ V-ing ပုံစံပါ။ (Verb to be ရဲ့နောက်မှာ not ထည့်ရတာ သတိထားပါ။) ဥပမာ I'm not living in Thailand. ကျွန်တော် ထိုင်းမှာ မနေဘူး။
• မေးခွန်းဝါကျမှာဆိုရင် am/is/are ကို Subject ရှေ့ပို့ရမှာပေါ့။ am/is/are+ Sub+ V-ing? ပုံစံပါ။ ဥပမာ Are they living in Thailand? သူတို့ ထိုင်းမှာ နေတာလား။
Present Continuous ကို ဘယ်အခြေအနေမှာ သုံးနှုန်းသလဲ?

(1) ယာယီအခြေအနေတွေ (temporary situations) ကို ပြောဖို့သုံးတယ်။
  I'm studying really hard for my exams.
စာမေးပွဲအတွက် တကယ့်ကိုပြင်းပြင်းထန်ထန်ကြိုးစားနေတယ်။
  My cousin is living in Thailand at the moment.
ငါ့ရဲ့ဝမ်းကွဲအစ်ကိုက လောလောဆယ် ထိုင်းမှာနေတယ်။ [အမြဲတမ်းနေတာ မဟုတ်ဘဲ လောလောဆယ်နေတာမို့ Present Continuous သုံးထားတာ။ အမြဲနေရင် My cousin lives in Thailand. ဆိုပြီး Present Simple သုံးရလိမ့်မယ်]
ဒီလိုမျိုး ယာယီသဘောနဲ့ သုံးမယ်ဆိုရင် at the moment, currently, now, ths week/month/year ဆိုတဲ့ စကားလုံးလေးတွေနဲ့ တွဲသုံးတယ်။
(2) စကားပြောနေစဉ်မှာ ဖြစ်တဲ့ လုပ်ဆောင်မှုတွေ(actions)တွေကို ပြောဖို့ သုံးတယ်။
I'm waiting for my friends.
ငါ သူငယ်ချင်းကို စောင့်နေတာ။
(3) ဦးတည်ရာ၊ အလားအလာတွေ (trends) ဒါမှမဟုတ် ပြောင်းလဲနေတဲ့အခြေအနေတွေ (changing situations) ကိုပြောဖို့သုံးတယ်။
The internet is making it easier for people to stay in touch with each other.
လူတွေ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ်မပြတ်နေဖို့ ပိုပြီးလွယ်ကူလာအောင် အင်တာနက်က လုပ်နေတယ်။
The price of petrol is rising dramatically.
ဓာတ်ဆီဈေးနှုန်းက သိသိသာသာ တက်နေတယ်။
ဒီအခြေအနေကို စဉ်းစားကြည့်ပါ။ ကိုယ့်ရဲ့အခန်းဖော်သူငယ်ချင်းတစ်ယောက်က မေ့တတ်တယ်။ သူ့ရဲ့ပစ္စည်းတွေပျောက်လို့ ကိုယ်က အမြဲကူရှာပေးရတယ်ဆိုပါစို့။ တစ်နေ့မှာ သူက ပစ္စည်းတစ်ခုထပ်ပျောက်တယ်။ ဒီအချိန်မှာ စိတ်ပျက်လက်ပျက်နဲ့ ကိုယ်ပြောမယ့်စကားက ဘာဖြစ်မလဲ။ `You are always losing things.´ `မင်းပစ္စည်းတွေ အမြဲပျောက်နေတာပဲ။´ ဒါပဲပေါ့။ Present Continuous ကို သုံးရတယ်။
စည်းမျည်းလေးကို ဖတ်ကြည့်ပါ။
(4) မျှော်လင့်ထားတာထက် ပိုပြီး မကြာခဏဖြစ်ပျက်နေတဲ့ အရာတွေကိုပြောဖို့ present continuous ကိုသုံးတယ်။ always, constantly, continually, forever ဆိုတဲ့စကားလုံးလေးတွေ သုံးပြီး အားကျတာ(envy) ဒါမှမဟုတ် ဝေဖန်တာ (criticise) တာကိုဖော်ပြဖို့ သုံးလေ့ရှိတယ်။
 My mum's always saying I don't help enough!
ကျွန်တော်က ကျေနပ်လောက်အောင်မကူညီဘူးလို့ အမေက အမြဲတမ်းပြောနေတာပဲ။ (ဒါက မကျေနပ်လို့ ပြောတဲ့စကား)
He's always visiting exciting places.
သူက စိတ်လှုပ်ရှားစရာကောင်းတဲ့နေရာတွေ အမြဲသွားနေတာပဲ။ (ဒါက အားကျလို့ပြောတဲ့စကား)

ဆရာစည်သူထက်
Ref:
#Grammar for IELTS

Present Simple

Present simple ရဲ့ပုံစံတွေက ဘယ်လိုလဲ??

 

• (ရိုးရိုးဝါကျ) … subject က တစ်ခုကိန်းဆိုရင် verb မှာ s/es ထည့်ပေးရမယ်။ subject အများဆိုရင် verb ကို ဒီအတိုင်းရေးရုံပေါ့။
ဥပမာ- He plays tennis. သူတင်းနစ်ကစားတယ်။
• (အငြင်းဝါကျ) … subject က တစ်ခုကိန်းဆိုရင် does not + verb။ subject က အများဆိုရင် do not + verb။
ဥပမာ- She doesn't play tennis.
• (အမေးဝါကျ) … subject က တစ်ခုကိန်းဆိုရင် Does+subject+verb…?
အများကိန်းဆိုရင် Do+subject+verb…?
ဥပမာ- Do you play tennis?

Present simple ကို ဘယ်ချိန်သုံးမလဲ??
[1] ပုံမှန်အလေ့အထတွေ (regular habits) ဒါမှမဟုတ် ထပ်တလဲလဲဖြစ်နေတဲ့လုပ်ဆောင်ချက်(repeated actions) တွေကိုပြောပြဖို့သုံးတယ်။
I `get up´ really early and `practise´ for an hour or so most days.
နေ့အများစုမှာ ကျွန်တော်တကယ့်ကိုအိပ်ရာစောစောထပြီး တစ်နာရီလောက်လေ့ကျင့်တယ်။
I use the internet just about every day.
ကျွန်တော် နေ့တိုင်းလောက်ကို အင်တာနက်သုံးဖြစ်တယ်။
ဒီလိုရည်ရွယ်ချက်နဲ့ ရေးရင် အကြိမ်အရေအတွက်တွေ၊ အချိန်တွေကိုဖော်ပြတဲ့စကားလုံးတွေကို ထည့်သုံးလေ့ရှိတယ်။ (e.g. always, generally, normally, usually, often, sometimes, rarely, never, every day, every evening)

[2] အမြဲတမ်းဖြစ်တဲ့အခြေအနေတွေ (permanent situations) ကို ပြောပြဖို့သုံးတယ်။
My parents `own´ a restaurant.
ငါ့မိဘတွေ စားသောက်ဆိုင်တစ်ဆိုင်ပိုင်တယ်။ (အမြဲတမ်းပိုင်နေတာလေ။ ဒါကြောင့် Present simple သုံးရတယ်)

[3] အချက်အလက်တွေ (facts) ဒါမှမဟုတ် ယေဘုယျအားဖြင့်လက်ခံထားတဲ့ အမှန်တရားတွေ (generally accepted truths) တွေပြောဖို့ သုံးတယ်။
Students `don't generally have´ much money.
ကျောင်းသားတွေမှာ ယေဘုယျ အားဖြင့်တော့ ပိုက်ဆံများများမရှိဘူး။
If you heat water at 100°C, it `boils´.
ရေကို 100°C အပူပေးရင် ဆူတယ်။
ဒီစကားလုံးတွေနဲ့ တွဲသုံးလေ့ရှိတယ်။ (generally, mainly, normally, usually, traditionally)

[4] ဘာလုပ်ဘာကိုင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေ (instructions) နဲ့ ဘယ်ကိုသွား ဘယ်ကိုလာဆိုတဲ့ လမ်းညွှန်ချက်တွေ (directions) တွေပေးဖို့ သုံးတယ်။
You `go´ down to the traffic lights, then you `turn´ left.
မီးပွိုင့်အထိလျှောက်သွား၊ ပြီးမှ ဘယ်ကွေ့လိုက်ပါ။
To start the programme, first `click´ on the icon on the desktop.
ဒီပရိုဂရမ်ကိုစဖို့ desktop ပေါ်က icon ကို ပထမဆုံး ကလစ်လိုက်ပါ။

[5] ဇာတ်လမ်းတွေ ပြောပြဖို့နဲ့ ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ ပြဇာတ်တွေအကြောင်းပြောပြဖို့ သုံးတယ်။
In the film, the tea lady `falls´ in love with the Prime Minister.
ရုပ်ရှင်ထဲမှာ လက်ဖက်ရည်ဆက်တဲ့အမျိုးသမီးက ဝန်ကြီးချုပ်နဲ့ ချစ်ကြိုက်သွားတယ်။

ဆရာစည်သူထက်
Ref:
#Grammar for IELTS

Friday, November 27, 2015

အင်္ဂလိပ်စာတတ်မြောက်ဖို့ ဘယ်စာအုပ်တွေ လေ့လာသင့်သလဲ (၂)

ဒီတစ်ခါတော့ အသုံးအနှုန်းစာအုပ်လေးတစ်အုပ် ညွှန်းပါရစေ။ "Michael Swan" ရဲ့ “Basic English Usage" ဆိုတဲ့ စာအုပ်ပါ။
ဒါ့ထက်ပိုပြည့်စုံတဲ့ Advanced အဆင့်ဖြစ်တဲ့ “Practical English Usage" ဆိုတဲ့ စာအုပ်လည်း ရှိပါသေးတယ်။ “Practical English Usage" က အဆင့်မြင့်ဖြစ်တဲ့အတွက် ဒီစာအုပ်ကို ရည်ညွှန်းကိုးကားဖို့ပဲ ထားလိုက်ပြီး “Basic English Usage" ကိုတော့ အပြည့်အစုံလေ့လာနိုင်ရင် ကောင်းပါတယ်။

Basic English Usage" ဟာ grammar စာအုပ်တစ်အုပ် မဟုတ်ပါဘူး။ အသုံးအနှုန်း အမှန်အမှားဆိုင်ရာ သိသင့်သမျှအားလုံး ထည့်ပေးထားတဲ့ စာအုပ်ပါ။ စာအုပ်ဖွဲ့စည်းပုံကလည်း နည်းနည်းထူးခြားပါတယ်။ Unit အလိုက်စီထားတာ မဟုတ်ဘဲ အက္ခရာစဉ်အလိုက် စီထားတာပါ။ စာမျက်နှာကိုလည်း အကြောင်းအရာပေါ်မူတည်ပြီး တပ်သွားပါတယ်။ သမားရိုးကျ တပ်ပုံမဟုတ်ပါဘူး။ ဒီတော့ လေ့လာတဲ့အခါ ကိုယ်သိချင်တာကို ရှေ့ဘက်က မာတိကာမှာရှာပြီးတော့ပဲဖြစ်ဖြစ်၊ နောက်ဘက်က Index မှာကြည့်ပြီးပဲဖြစ်ဖြစ် အလွယ်တကူရှာဖွေလေ့လာနိုင်ပါတယ်။ ကိုယ်သံသယရှိတာကို အလွယ်တကူ ရှာဖွေလေ့လာနိုင်တဲ့ Reference စာအုပ်အနေနဲ့လည်း တန်ဖိုးရှိပါတယ်။

စာအုပ်မှာ ပါတာကို ဥပမာပေးရရင် bring နဲ့ take ဘာကွာလဲ သိပါသလား။ tall နဲ့ high ဘယ်လိုမတူလဲ။ over/across/through သုံးနှုန်းပုံတွေ ခွဲခြားတတ်ရဲ့လား။ ဒါတွေတင်မက articles တွေ သုံးပုံ၊ Adverbs တွေ နေရာထားပုံ၊ အသံထွက်တဲ့အခါ weak forms နဲ့ strong forms တွေနားလည်ပါသလား။ စာအုပ်ထဲမှာဒါတွေအပြင် မှားတတ်တာအားလုံး၊ သိသင့်တာအားလုံးကို အင်္ဂလိပ်စာလေ့လာသူတွေအတွက် စုံလင်နေအောင် ရှင်းလင်းထားပါတယ်။ သရုပ်ဖော်ပုံတွေ၊ ဇယားတွေ၊ ဥပမာတွေ ဝေဝေဆာဆာသုံးပြီး ရှင်းခနဲလင်းခနဲဖြစ်သွားအောင် အားထုတ်ထားတဲ့စာအုပ်ပါ။

ဒီစာအုပ်ကို ဘယ်လိုလေ့လာသင့်သလဲ ဆိုတာ အကြံပေးရရင်-

√ ကိုယ်လေ့လာချင်တာကို အရင် ရှာလိုက်ပါ။ အဲဒီစာမျက်နှာကို လှန်ပြီး ဖတ်ပါ။ အစဉ်တိုင်းဖတ်သွားပြီး စိတ်မဝင်စားတာတွေ၊ သိပြီးသားတွေကို ချန်ခဲ့လည်း ရပါတယ်။

√ ဖတ်ထားသမျှ အကြမ်းဖျင်းမှတ်စုလေးတွေ ထုတ်ထားပြီး မှတ်စုကို ပြန်ဖတ်ပေးပါ။ နားမလည်သေးရင် မူရင်းစာအုပ်ကို ပြန်ဖတ်ပါ။

√ လုပ်နိုင်သေးရင် ကိုယ်ပိုင်ဝါကျလေးတွေ ဖွဲ့ကြည့်ပါ။ ကိုယ်လေ့လာထားပြီးသားတွေနဲ့ ဆက်စပ်နှိုင်းယှဉ်ကြည့်ပါ။

“Basic English Usage" စာအုပ်ကို စာအုပ်ဆိုင်ကြီးအများစုမှာ မေးဝယ်လို့ရပါတယ်။ စာအုပ်တန်ဖိုးကတော့ တစ်ထောင်ပါ။ ဈေးနှုန်းအနည်းငယ် ကွာနိုင်ပါတယ်။ “Practical English Usage" စာအုပ်တန်ဖိုးကတော့ တစ်သောင်းပါ။ ကျွန်တော်ကတော့ မျက်စိမှိတ်ဝယ်လိုက်ပါတယ်။

လေ့လာသင့်တဲ့စာအုပ်တွေ ထပ်မံညွှန်းပေးပါဦးမယ်။

ဆရာစည်သူထက်